- အဆင်းနဲ့အတက် -


ဝေလငါးတွေ ငါ့နောက်ကနေဟွန်းတီးသွားတဲ့

မိုးရွာပြီးစ ညနေခင်းတစ်ခုမှာပေါ့

ကိုးမိုင်ကုန်းပေါ်ကနေ စက်ဘီးနဲ့လှိမ့်ချလိုက်တာ

ကဗျာတစ်ပုဒ်ပြီးတစ်ပုဒ် ငါ့ကျောပိုးအိတ်လေးထဲကနေ

ခုန်ပေါက်ပြေးထွက်သွားတယ်

ငါလိုက်မကောက်အားပါဘူး

ငါဆက်နင်းတယ်

ပြီးတော့...

ငါဆက်လှုပ်နှိုးတယ်

အိပ်ပျော်နေတဲ့ ငါ့ဘဝကို

တစ်ပတ်ပြီးတစ်ပတ် သံပတ်ပေးရင်း

ငါလှုပ်နှိုးတယ်

မိုးက တာဝန်ကျေရွာပြီးသွားပြီ

ငါက တာဝန်ကျေလခမထုတ်ရသေးဘူး

ကိုယ်လှိမ့်ဆင်းလာတဲ့ကုန်းကို

မနက်ဖြန် နင်းတက်ရဦးမယ်။


- အန်နိုလာ