မောင့်လပြည့်ဝန်းနား​ထောင်ရင်း ​ရေးမိတဲ့ ကဗျာတစ်ပုဒ် - 


တီးလုံးသံအဆုံးမှာ မျက်စိနှစ်လုံး ဖွင့်ကြည့်လိုက်တော့

ဖြစ်ရပ်မှန်တွေက ဒဏ္ဏာရီ ဖြစ်​နေခဲ့ပြီး

ဒဏ္ဏာရီတွေက ပုံပြင်ဖြစ်သွားတဲ့အရပ်မှာ 

ကိုယ့် အ​ရေခွံ​တွေအကုန် ကွာကျ​နေတယ်


အမှန်တရားရဲ့အပေါ်မှာ အချိန်ရဲ့တိုက်စားသွားမှုပဲလို့​တွေးပြီး အစအန​တွေ ခါထုတ်ပစ်လိုက်ရတယ် 


ဒါက ကိုယ်တစ်ချိန်လုံးဖြတ်သန်း​နေခဲ့ရပြီး 

ကိုယ်တကယ် နားလည်တယ်လို့ထင်ခဲ့​ပေမယ့် 

ကိုယ်လုံးလုံးမသိနားမလည်ခဲ့တဲ့ အရာတစ်ခုကို 

ဖယ်ထုတ်ပစ်လိုက်ရတာ


ကိုယ့်ရဲ့အသိုင်းအဝိုင်းဟောင်းတစ်ခုလုံးကို 

ခွာချလာခဲ့ရပြီး အခြားတစ်​နေရာမှာ 

အခြားတစ်​ယောက်အဖြစ် ပြန်ဝင်စားလိုက်ရသလိုမျိုးပဲ ။


ဘာဆက်ဖြစ်ချင်လဲဆို 

ငါ့တုန်းကဆိုရင်လို့ ပြောတဲ့လူတွေနဲ့ 

ဝေးဝေးမှာပဲ နေချင်တယ် ။


လိပ်ပြာဖြစ်ကာစ အကောင်ပေါက်ကလေးတွေ 

စိတ်ရှိတိုင်း ပျံထွက်သွားနိုင်ကြဖို့ရာအတွက် 

အိမ်ပြတင်းတံခါးတွေကို ထ,ထဖွင့်ပေးချင်တယ် ။


မိုးလည်း အုံ့နေစေချင်တယ် ,

မှောင်ကျသွားမယ့်အချိန်တွေကိုလည်း 

နောက်ကျစေချင်တယ် ။


ပကတိအတိုင်း မရှိတဲ့စိတ်ကို တည်ငြိမ်လာစေချင်တယ်

တစ်ခါလောက်ဖြစ်ဖြစ် ကိုယ်ငေးနေတဲ့နေရာဟာ

ရုပ်ရှင်ထဲကလို ပန်းတွေ တဖြည်းဖြည်းပွင့်လာတဲ့

ဇာတ်ဝင်ခန်းမျိုး ဖြစ်သွားစေချင်တယ် ။


စကားတွေ နည်းလာချင်တယ် 

ကိုယ့်ရဲ့ဘေးမှာ အမှန်အတိုင်းတွေ

များ , များ လာစေချင်တယ် ။


ခလုတ်ထိချင်တယ် , 

အမိလို့လည်း တခွင့်ရချင်တယ် ။


တစ်နေ့တော့ဆိုတဲ့နေရာကို သိချင်တယ်

ခြေဦးတည့်ရာထွက်သွားမိခဲ့ရင်တောင်မှ ကောင်းရာမွန်ရာရောက်မှာပါလို့ အမြဲယုံကြည်နေချင်တယ် ။


ဘာတစ်ခုမှ မရနိုင်တော့ဘူးဆိုရင်တောင်မှကွာ

အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရတာလေး သေချာနေစေချင်တယ်။


ကိုယ် ဘယ်အရာကိုမှ မကြောက်​တော့ပါဘူး အသဲ ,

ကိုယ်ကြောက်တဲ့အရာမှန်သမျှကလည်း ကိုယ့်ဆီမှာ ဖြစ်ပြီးပြီ


ဘဝက ဇာတ်လမ်းတစ်ပုဒ်ဆို ဒီဇာတ်လမ်းမှာ 

ကိုယ်ကဇာတ်လိုက်​ပေါ့


ကိုယ် ချိုးကွေ့လာတဲ့ထောင့်ချိုးတိုင်း 

အနောက်မှာ ပြေးလိုက်လာတဲ့သူ တစ်ယောက်ယောက်တော့ အမြဲရှိ​နေခဲ့တာပဲ 


ဒီဝဋ်ကြွေး မကုန်ခမ်းသရွေ့ ။


- Chucky