မောင့်လပြည့်ဝန်းနားထောင်ရင်း ရေးမိတဲ့ ကဗျာတစ်ပုဒ် -
တီးလုံးသံအဆုံးမှာ မျက်စိနှစ်လုံး ဖွင့်ကြည့်လိုက်တော့
ဖြစ်ရပ်မှန်တွေက ဒဏ္ဏာရီ ဖြစ်နေခဲ့ပြီး
ဒဏ္ဏာရီတွေက ပုံပြင်ဖြစ်သွားတဲ့အရပ်မှာ
ကိုယ့် အရေခွံတွေအကုန် ကွာကျနေတယ်
အမှန်တရားရဲ့အပေါ်မှာ အချိန်ရဲ့တိုက်စားသွားမှုပဲလို့တွေးပြီး အစအနတွေ ခါထုတ်ပစ်လိုက်ရတယ်
ဒါက ကိုယ်တစ်ချိန်လုံးဖြတ်သန်းနေခဲ့ရပြီး
ကိုယ်တကယ် နားလည်တယ်လို့ထင်ခဲ့ပေမယ့်
ကိုယ်လုံးလုံးမသိနားမလည်ခဲ့တဲ့ အရာတစ်ခုကို
ဖယ်ထုတ်ပစ်လိုက်ရတာ
ကိုယ့်ရဲ့အသိုင်းအဝိုင်းဟောင်းတစ်ခုလုံးကို
ခွာချလာခဲ့ရပြီး အခြားတစ်နေရာမှာ
အခြားတစ်ယောက်အဖြစ် ပြန်ဝင်စားလိုက်ရသလိုမျိုးပဲ ။
ဘာဆက်ဖြစ်ချင်လဲဆို
ငါ့တုန်းကဆိုရင်လို့ ပြောတဲ့လူတွေနဲ့
ဝေးဝေးမှာပဲ နေချင်တယ် ။
လိပ်ပြာဖြစ်ကာစ အကောင်ပေါက်ကလေးတွေ
စိတ်ရှိတိုင်း ပျံထွက်သွားနိုင်ကြဖို့ရာအတွက်
အိမ်ပြတင်းတံခါးတွေကို ထ,ထဖွင့်ပေးချင်တယ် ။
မိုးလည်း အုံ့နေစေချင်တယ် ,
မှောင်ကျသွားမယ့်အချိန်တွေကိုလည်း
နောက်ကျစေချင်တယ် ။
ပကတိအတိုင်း မရှိတဲ့စိတ်ကို တည်ငြိမ်လာစေချင်တယ်
တစ်ခါလောက်ဖြစ်ဖြစ် ကိုယ်ငေးနေတဲ့နေရာဟာ
ရုပ်ရှင်ထဲကလို ပန်းတွေ တဖြည်းဖြည်းပွင့်လာတဲ့
ဇာတ်ဝင်ခန်းမျိုး ဖြစ်သွားစေချင်တယ် ။
စကားတွေ နည်းလာချင်တယ်
ကိုယ့်ရဲ့ဘေးမှာ အမှန်အတိုင်းတွေ
များ , များ လာစေချင်တယ် ။
ခလုတ်ထိချင်တယ် ,
အမိလို့လည်း တခွင့်ရချင်တယ် ။
တစ်နေ့တော့ဆိုတဲ့နေရာကို သိချင်တယ်
ခြေဦးတည့်ရာထွက်သွားမိခဲ့ရင်တောင်မှ ကောင်းရာမွန်ရာရောက်မှာပါလို့ အမြဲယုံကြည်နေချင်တယ် ။
ဘာတစ်ခုမှ မရနိုင်တော့ဘူးဆိုရင်တောင်မှကွာ
အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရတာလေး သေချာနေစေချင်တယ်။
ကိုယ် ဘယ်အရာကိုမှ မကြောက်တော့ပါဘူး အသဲ ,
ကိုယ်ကြောက်တဲ့အရာမှန်သမျှကလည်း ကိုယ့်ဆီမှာ ဖြစ်ပြီးပြီ
ဘဝက ဇာတ်လမ်းတစ်ပုဒ်ဆို ဒီဇာတ်လမ်းမှာ
ကိုယ်ကဇာတ်လိုက်ပေါ့
ကိုယ် ချိုးကွေ့လာတဲ့ထောင့်ချိုးတိုင်း
အနောက်မှာ ပြေးလိုက်လာတဲ့သူ တစ်ယောက်ယောက်တော့ အမြဲရှိနေခဲ့တာပဲ
ဒီဝဋ်ကြွေး မကုန်ခမ်းသရွေ့ ။
- Chucky
.jpg)
4 Comments
Fighting
ReplyDelete😶
ReplyDeleteစကားတွေ နည်းလာချင်တယ်
ReplyDeleteကိုယ့်ရဲ့ဘေးမှာ အမှန်အတိုင်းတွေ
များ , များ လာစေချင်တယ် ။😔
#Chucky
Done 🍀
ReplyDelete