"ရည်းစားစာ"  


ကျွန်တော့်ရဲ့ 

မခင်သစ်ပင်။

အချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင် 

ကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ 

ဘယ်သူ ကန့်လန့်ကာလဲ 

တောတောင်လျှိုမြောင် ပိတ်ကားရှေ့ 

ကျွန်တော် အော်ခေါ်နေတာ 

အနှစ်သုံးဆယ် ။


မခင်သစ်ပင် 

ဇာတ်လမ်းအရ ငိုချင်လည်း ငိုမယ် 

ပျော်ချင်လည်း ပျော်ရမယ် 

ကျွန်တော် တယောမထိုးချင်ဘူး 

ရောမမြို့ကြီး မီးလောင်ရင်လည်း 

ကြည့်မနေနိုင်ဘူး 

ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး 

ကျွန်တော်ဟာ ချစ်တတ်လို့ ။


မခင်သစ်ပင် 

ကျွန်တော်တို့ နှစ်ယောက်ကြား 

ဘာကြောင့် ဘာသာပြန် တစ်ယောက် ခေါ်ထားသလဲ 

ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်း ချင်တယ်

မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေ ဘာတွေလဲ 

ခေတ်မရှိတော့

အင်ကြင်းပင်ကလည်း ရှာရခက်တယ် ။


ကျွန်တော့်ရဲ့ မခင်သစ်ပင် 

မခင်သစ်ပင် ပွင့်ပြမှာလား 

ကျွန်တော် ခုတ်ပစ်ရမလား 

ဒါမှမဟုတ် ဘုရားမှာ လှူမလား 

ကျွန်တော်နဲ့ ခင်ဗျား ကြားမှာ 

ပန်းတစ်ပွင့် ခြားနေတယ်။


-ဝင်းမြင့်