ကိုယ့်မှတ်ဉာဏ်ထဲက ရေခဲကစားကွင်း
ငါတို့မတွေ့တာတော့ ကြာခဲ့ပါပြီ။ နွေဟာ ငါတို့ဦးခေါင်းကိုဖိထားလို့ ငါတို့နှာခေါင်းသွေးတွေ ချောင်းရေလို စီးခဲ့တယ်။ ငါတို့ရဲ့ ဇာတ်လမ်းများဟာ သာမန်ပါပဲ။ ငါတို့နှာခေါင်းသွေးထဲကနေ စီးဆင်းတဲ့ချောင်းတွေဟာ ဧရာ၀တီ ဖြစ်မလာခဲ့သလို ချင်းတွင်းလည်းဖြစ်မလာခဲ့ဘူး။ ကားတွေရှင်းနေခဲ့တဲ့ နေ့တစ်နေ့လို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ရန်ကုန်တက္ကသိုလ်ရှေ့က ကြံရည်ဆိုင်မှာထိုင်နေတုန်း လှည်းတန်းဘက်ကို စစ်ကားတွေ အတန်းလိုက်ထွက်သွားတဲ့နေ့ကို ပြောရမလား။ အဲ့ဒီတုန်းက တက္ကသိုလ်ရိပ်သာလမ်းဘက်ကို သွားတဲ့လမ်းမှာ ထီးအနီရောင်တစ်ချောင်းကို ကိုင်ပြီး တူတူလမ်းလျှောက်ခဲ့ကြတဲ့ စုံတွဲတစ်တွဲရှိခဲ့တယ်။ လမ်းဘေးခွေး တစ်ကောင်နှစ်ကောင်နဲ့ သစ်ရွက်ခြောက်တွေရှိတယ်။ ပြည်မှာဆောင်း ရှိသလို ရန်ကုန်မှာ နွေ၊ မိုးစက်တိမ်စိုင်များနှင့် သွေးကွက်များ ရှိနေဦးမှာပဲ။ တစ်ခါက ကန်တော်ကြီးဘက်မှာ ရေခဲကစားကွင်းကြီး ဖွင့်တယ်လေ။ ဇာတ်ကားထဲမှာပဲ မြင်ဖူးတဲ့ နှုင်းမှုန်တွေ၊ ရေခဲထုကြီးတွေ၊ သားရေဖိနပ်အထူကြီးတွေကို ငါ၀တ်ခဲ့တယ်။ ငါ့သူငယ်ချင်းကတော့ ဇာတ်ကားထဲမှာပဲ သပြေပန်းနဲ့အကြိုခံရတဲ့ခွေးတွေကို အပြင်မှာ လက်ပစ်ဗုံးနဲ့ထုခဲ့တယ်။ အပူချိန်မြင့်တက်လာပြီ။ အန္တာတိကမှာ ရေခဲထုတွေ အရေပျော်လာနေတယ်။ ကန်တော်ကြီးက ရေခဲကစားကွင်း မရှိတော့တာတော့ကြာပေါ့။ စစ်သားတွေကတော့ ရန်ကုန်ရဲ့နေရာတိုင်းမှာ ရှိနေတယ်။ ငါတို့လက်ကို ခဲထားတဲ့အိမ်မွေးခွေးလေးကို မောင်းမထုတ်ရက်သလို မှတ်ဉာဏ်က ငါတို့ကို ထုံနေအောင်ကိုက်ခဲထားတာ။ ဓားပြအတိုက်ခံလိုက်ရတဲ့ ငါးဖမ်းလှေတစ်စီးလို ခေတ်ဟာ အလောင်းတွေကို ကျောပေါ်တင်ပြီး အဆုံးအစမရှိတဲ့ ပင်လယ်ထဲမျောနေဦးမယ်။ နောက်တော့ ဆေးလိပ်တိုတွေပြည့်နေတဲ့မြစ်ကြီးထဲ မင်းလည်းပဲ လက်ပစ်ကူးရမယ်။ ကမ်းခြေဘယ်မှာလဲ။ လေထန်လွန်းတယ်။ မျက်စိတွေ ခဏမှိတ်ထား။ ခဏလောက် အသက်၀၀ရှူလိုက်ပါဦးလား။
-ဆပ်ရိပ်

6 Comments
❤️
ReplyDeleteAppreciate.
ReplyDeleteDone 🍀
ReplyDeleteကမ်းခြေဘယ်မှာလဲ။
DeleteWheel........dope🏹🏹🏹
ReplyDelete💚
ReplyDelete