20-Second Timer
Time remaining: 20

 


မြုတန့် ၂


ဆင်းရဲတာထက် ဆိုးတာက ဆင်းရဲပြီး မြုတန့်ဖြစ်ရတာပဲ

ချမ်းသာတဲ့ ကလေးမှာ အတောင်ပံတွေ ပါလာရင် နတ်သားလေး ဝင်စားတာဖြစ်ပြီး

ဆင်းရဲတဲ့ ကလေးမှာ အတောင်ပံတွေ ပါလာရင် အောက်လမ်းနဲ့ အပြုစားခံရတာ ဖြစ်တယ်


Every child is special

ဆိုပေမယ့်

အတောင်ပံတွေက မထူးခြားဘူး

ထူးဆန်းတာတဲ့

အမေက ချုပ်ထားတယ်

အဖေက သံဖြတ်လွှနဲ့ ဖြတ်တယ်

အတောင်ပံတွေကလည်း ဆံပင်တွေနဲ့အပြိုင် ပြန်ပေါက်လာတာပဲ

"ကြည့်စမ်း ဟိုကောင်လေးမှာ အတောင်ပံကြီးနဲ့"တဲ့

အတောင်ပံတွေနဲ့ မပျံနိုင်ခင်ကတည်းက

ကျွန်တော် ဟိုး... အဝေးကြီးကို ရောက်နေခဲ့ရတယ်


မင်းအသက်ကြီးလာရင် အတောင်ပံတွေလည်း လိုက်ကြီးလာမှာပဲ

အများသောအားဖြင့် ကျွန်တော် အတောင်ပံတွေနဲ့ပဲ ရှိနေတတ်လာတယ်

၁၆နှစ်သား တစ်ယောက်အနေနဲ့

ဘာလုပ်ချင်လဲဆိုရင်

လက်ဖျံမှာ အတောင်ပံပုံ တက်တူးထိုးပြီး

အတောင်ဖြူဖြူတွေကို အမည်းဆိုးချင်တယ်

ပျံရတာကိုကြိုက်တယ်

ပျံနေချိန်မှာ အတောင်ပံတွေနဲ့ တသားတည်းဖြစ်ရတာ ကြိုက်တယ်

ပျံရတာက မခက်ဘူး

ခြေထောက်တွေနဲ့ လမ်းလျှောက်တတ်ရင်

အတောင်ပံတွေနဲ့ ပျံတတ်လိမ့်မယ်

တနေ့တနေ့ ပျံနိုင်တဲ့ မြုတန့်တွေစုပြီး

ရပ်ကွက်တိုင်း လမ်းတိုင်းပေါ်လှည့် ပျံတယ်

လေထုမညစ်ညမ်းတဲ့အမြင့်မှာ စီးကရက်ဖွာတယ်

လေထဲမှာ လမ်းသလားတယ်

လေသလားတယ်ပဲ ဆိုပါတော့


ပျံနေရုံနဲ့ မပြီးဘူးဆိုတာ

ပျံနေရင်းနဲ့မှ သိလာတယ်

ပျံနေတတ်တဲ့ လူငယ်တယောက်အတွက်

အချစ်ဆိုတာ တိမ်တွေကြားမှာ

ပန်းနုရောင် အတောင်ပံတစ်စုံနဲ့လို

စိတ်ကူးယဉ်မိမှာပဲ

အချစ်က မပျံနိုင်ခဲ့ရင်လည်း

သူ့ကို ဆွဲခေါ်ပျံသန်းရင်း သူမမြင်ဖူးတဲ့ ကမ္ဘာ့အစိတ်အပိုင်းတွေကို လိုက်ပြမယ်

"အချစ်ရေ ကိုယ့်မှာ အတောင်ပံတွေရှိတယ်"

မာကင်ရာနဲ့ တောင်ပံတွေပေါ်မှာ

ဖုန်းနံပါတ်တွေ ရေးသွားကြတယ်

လေထဲ ကစ်ဆင်ဆွဲချင်တဲ့ မိန်းမတွေပေါလာတယ်

အချစ်ထက် အတောင်ပံကို ပိုလိုချင်တဲ့ မိန်းမတွေတွေ့လာရတယ်

အတောင်ပံတွေကို ပြန်ရွံမိလာတယ်


ဒီလိုနဲ့ ဂယ်ဘီ့ကို ကျွန်တော် ရှာတွေ့ခဲ့တယ်

သူက ပျံသန်းရတာ မကြိုက်ဘူး

ဂယ်ဘီက ကျွန်တော့်ကို လမ်းလျှောက်ဖို တောင်းဆိုတယ်

ဘဝမှာ ရေရှည် ပျံသန်းဖိုက မဖြစ်နိုင်ဘူးတယ့်

ကျွန်တော့်ကို အနွေးထည်အထူတထည် လက်ဆောင်ပေးတယ်


အဲ့ည ကျွန်တော် အိပ်မက်မက်တယ်


ကမ္ဘာပေါ်က အနွေးထည်ထူတွေအောက်မှာ

ရောင်စုံအတောင်ပံတွေ အများကြီး


မြတ်ကျော်