- ဒီအကောင့်ကို ငါနာမည်ပြောင်းမယ် -


ဒီအကောင့်ကို နာမည်ပြောင်းဖို့

မိုးကတပြိုက်ပြိုက်ရွာပေးနေတယ်

နေစရာမရှိတဲ့ စာကလေးတွေ

ဝရံတာနားမှာ ဝေ့ဝဲပျံသန်းနေတယ်

သွားကြားညပ်နေတဲ့ ငါ့ရဲ့တနေ့တာထဲက

ရိုစီတင်တင်ကြီးရေ

ကဗျာနဲ့ငါ အစေးမကပ်လို့

ကွယ်ရာမှာ ကျိတ်ကျေနပ်နေတယ်ပေါ့

ဒီအကောင့်ကို ငါနာမည်ပြောင်းမယ်

နေပူတုန်းက ဝတ်ခဲ့တဲ့ဘောင်းဘီတိုတိုကနေ

ခုမိုးအေးတုန်းဝတ်ထားတဲ့ ဘောင်းဘီရှည်တထည်လို နာမည်ပြောင်းမယ်

တကယ်မရှိခဲ့တဲ့ သင်္ဂဇာဆရာတော်ကြီးလို အမတ်ကြီးပေါ်ဦးလို စကားတောင်စားလို

တကယ်ရှိခဲ့တယ်လို့ ထင်အောင် ငါနာမည်ပြောင်းမယ်

ငါနာမည်ပြောင်းတဲ့အခါ ငါ့နာမည်က 

အမှိုက်ပုံးထိပ်မှာ ထောင်နေတဲ့ ရေသန့်ဘူးလေးဖြစ်ချင်ဖြစ်မယ်

ဒါမှမဟုတ် မိုးစက်တွေနဲ့ထိတိုင်း

ခေါင်းညိတ်ညိတ်နေတဲ့ ဗာဒံရွက်ကလေးလဲဖြစ်ချင်ဖြစ်မယ်

ဒါမှမဟုတ်လည်း သော့ခတ်ထားတဲ့အခန်းထဲမှာ သော့ခတ်ခံထားရတဲ့ ဂျပန်စက်ဘီးအစုတ်ကလေးလဲဖြစ်ချင်ဖြစ်မယ်

ဆိုတော့...

ဒီအကောင့်ကို ငါနာမည်ပြောင်းမယ်

ငါနာမည်ပြောင်းတဲ့အခါ ငါ့နာမည်ကို

ဗင်းဆင့်ရဲ့ ဆိုက်ပရပ်လမ်းက ခုံတန်းတွေအောက်မှာ ဖွက်ထားမယ်

ဒါမှမဟုတ် မာယာကော့စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ်တွေထဲမှာ ဖွက်ထားမယ်

မဟုတ်ရင်လည်း ငါ့ရဲ့ရယ်မောခြင်းဆက်တင် စာအုပ်ထဲမှာ ဖွက်ချင်ဖွက်ထားမယ်

ဒီအကောင့်ကို ငါနာမည်ပြောင်းပြီးရင်

သဲလွန်စတွေပေးပြီး ထွက်ပြေးနေတဲ့လူသတ်သမားတစ်ယောက်လို

ငါထွက်ပြေးကြည့်မယ်

သက္ကလပ်ဦးထုပ်ဆောင်းထားတဲ့ ပညာရှိတွေကတော့

ဒီကောင်စောက်ပေါပါဆိုပြီး

ငါ့ကို...

လိုက်ရှာကြလိမ့်မှာ မဟုတ်ဘူး။


- အန်နိုလာ