ပူဖောင်းများ


ထင်သလောက်လည်း ဝေးဝေးမရောက်ပါဘူး

လေထဲမှာ ပျောက်ကွယ်သွားတာပဲ

တယောက်ယောက် ဒါမှမဟုတ် တစ်ခုခုက

ထိုးဖောက်ပစ်လိုက်တာပဲ။


ဒိီလိုဒီအကြောင်း

ဥပစ္ဆေဒက ကံသင့်သွားတဲ့

မျှော်လင့်ချက်အနွမ်းများအတွက်

ဘယ်သူ့ကိုမှ အပြစ်ဆိုရန် မရှိပါ။


တောင်ပေါ်ညကိုငေးရင်း

ဆူးလေဘုရားကို မလွမ်းပဲ

စက်ဘီးနဲ့အပြည့်တင်လာတဲ့

ရောင်စုံပူဖောင်းသည်တွေကို လွမ်းလာတယ်။


အမှောင်ညဟာ တယောက်ထဲဆိုရင်

ပိုပြီး ချောင်ကျလှပါတယ်။


ထူးထူးထွေထွေ လောဘမရှိပါ

မုန့်ဟင်းခါးအလွတ်တစ်ပွဲနဲ့ မားဗီးယက်စ်တလိပ်ဆို

လောကအကြောင်း စဥ်းစားဖို့ လောင်စာလောက်ပါရဲ့။


လူတယောက်အနေနဲ့

စိတ်ကို နေ့တိုင်း ဟိုက်ဒရိုဂျင်နဲ့ဖော့ထားလို့မရနိုင်ဘူး

လရောင်ဘယ်မှာလဲ

အိမ်ပြန်လမ်းဘယ်မှာလဲ။


ဘယ်တော့လဲ။


-ဆပ်ရိပ်