20-Second Timer
Time remaining: 20

 


မြုတန့် (Mutant)


ကျွန်တော့် ပါဝါက ဘာလဲသိလား

ကိုယ်ကြိုက်တဲ့ ပုံစံပြောင်းလိုက်လို ရတာပဲ

ခွေး ငှက် ညောင်ပင် ပြိုင်ကား

စူပါမန်း လေဒီဂါဂါ

ကျွန်တော် ဖြစ်ချင်တာ ဖြစ်လိုရတယ်

"အဖေ သားက မြုတန့်ပဲ"

အဖေက အမေ့ကိုရိုက်တယ်

အမေကလည်း မြုတန့်တယ့်

အမေ့ပါဝါက နောက်မီးလင်းတာ

ကျွန်တော်တို မြုတန့်သားအမိ

အိမ်ကထွက်သွားရတယ်

လူတွေက ဘာလို မြုတန့်တွေကို မုန်းတာလဲ


ကျွန်တော်ကျောင်းတက်တော့

လူကျောင်းမှာပဲ တက်ရတယ်

ကျွန်တော် မြုတန့်ဆိုတာ

ဘယ်သူမှမသိအောင် ဟန်ဆောင်ရတယ်

အနိုင်ကျင့်ရင်လည်း ပုံစံမပြောင်းပဲ ငြိမ်ခံရတယ်

စိတ်ထဲမှာပဲ ဂျွန်ဆီနာပြောင်းပြီး

ဟိုကောင့် နံရိုးတွေပြန်ချိုးတယ်

စာသင်ခန်းထဲမှာလည်း အိုင်းစတိုင်းပုံစံ မပြောင်းရဘူး

ဘောလုံးကွင်းထဲမှာလည်း ဘက်ခမ်းပုံစံ မပြောင်းရဘူး

ရီပိုကဒ်လက်မှတ်ထိုးမှပဲ အမေ့ပုံစံ ပြောင်းရတယ်

"အလကားကောင်" ဆိုတာ

ကျွန်တော့် ဟီးရိုးနာမည် ဖြစ်လာတယ်

ဟီးရိုးပီပီ တစ်ကိုယ်တော် လှုပ်ရှားရတယ်

ကျွန်တော့်မှာ သူငယ်ချင်းမရှိဘူး

ကျွန်တော့် ပါဝါက တဖြည်းဖြည်းမြင့်လာပြီး

ကျွန်တော် ကိုယ်တိုင်မထိန်းနိုင် ဖြစ်လာတယ်

ဂျောနီဒပ်ပုံစံ မပြောင်းပဲနဲ့ နှုတ်ခမ်းမွှေးတွေ ထွက်လာတယ်

မြုတန့်ဖြစ်ရတာ ဘာကောင်းလဲဆိုရင်တော့

ဂျနီဖာလောရင့်စ်တို ဆလီနာဂိုးမက်စ်တို ပုံစံတွေပြောင်းပြီး

ကိုယ့်ဘာသာကိုင်တွယ် ပွတ်သပ်လိုရတာ တခုပဲရှိမယ်


ကျွန်တော်တို အတန်းထဲကို

ကျောင်းသူအသစ် ရောက်လာတယ်

ကေစီတယ့် သူလည်းမြုတန့်ပဲ

သူနဲ့ထိလိုက်ရင် ဘာပဲဖြစ်ဖြစ် ပန်းတွေပွင့်သွားတယ်

သူက ကျွန်တော့်ရဲ့ ပထမဆုံးသူငယ်ချင်း ဖြစ်လာတယ်

ကေစီစိတ်ညစ်ရင် ချာလီချာပလင် ပြောင်းတယ်

ကေစီပျင်းရင် တဂိုး ပြောင်းပြီး ကဗျာတွေရွတ်ပြတယ်

ကေစီ့ ပါဝါလည်း တဖြည်းဖြည်းမြင့်လာတယ်

အရင်က ထိမိတဲ့အရာမှ ပန်းတွေပွင့်ပေမယ့်

အခု သူထိုင်တဲ့ သစ်ပင်ခြေရင်းနားတွေ

သူလက်ညှိး ထိုးပြတဲ့ ကြယ်တွေမှာပါ ပန်းတွေပွင့် သွားတတ်တယ်


မြုတန့်နှစ်ယောက်နဲ့ အိမ်ထောင်တခုကို ဘယ်လိုထူထောင်မှာလဲတယ့်

ကေစီက လူတစ်ယောက်ကို လက်ထပ်ဖို

ကျွန်တော့်ကို ပစ်သွားတယ်

ကျွန်တော် အရမ်းခံစားရတယ်

သစ်ပင်ကြီးပြောင်းလိုက်ရင် အရွက်တွေကြွေတယ် အကိုင်းတွေကျိုးတယ်

ဝေါလ်ထရိတ်စင်တာကြီး ပြောင်းလိုက်ရင်

လေယာဉ်ပျံတွေ အိပ်မက်မက်တယ်

ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေရင်

အရက်တွေသောက်တယ်

မခံစားရတဲ့ လူတစ်ယောက်ပုံစံ ပြောင်းလိုမရဘူး


ကျွန်တော်လည်း နောက်တနှစ်မှာ အိမ်ထောင်ကျတယ်

အမေ ပေးစားတဲ့ လူမိန်းမတစ်ယောက်နဲ့ပဲ

ကျွန်တော့် သားသမီးတွေ လူပဲဖြစ်ရမယ်

ကျွန်တော့်လို မြုတန့်မဖြစ်စေချင်ခဲ့ဘူး

ဂျော်နီလေးရဲ့ ငိုသံက

ဆေးရုံက မှန်တွေကို မရိုက်ခွဲသွားခင်ထိ။ ။


#မြတ်ကျော်