20-Second Timer
Time remaining: 20

 


_ သမီး ညက အိပ်မက် မက်တယ် _


ဦး သိလား 

ညက မက်တဲ့ သမီးအိပ်မက်ထဲမှာ

သမီးက ဗုံးခိုကျင်းထဲမှာ မဟုတ်ဘူး

ဇာတ်ခုံစင်မြင့်တစ်ခုပေါ်မှာ ဂါ၀န်လှလှလေးနဲ့

သမီး တက်ကနေခဲ့တာ ၊ အပြင်မှာလို

သမီးမျက်ရည်ကို သုတ်‌ပေးမယ့်သူတွေ မရှိတာ

မဟုတ်ဘဲ သမီးရဲ့အကလည်း ဆုံးရော

လက်ခုပ်သံတွေ အကျယ်ကြီး သမီး ရတယ်


ဦး သိလား ဟင်

ညက မက်တဲ့ သမီးအိပ်မက်ထဲမှာ

သမီးက ပျဉ်တို ပျဉ်စတွေနဲ့ ပြာမှုန်တွေ ကြား

လျှောက်သွားနေတာမျိုး မဟုတ်ဘဲလေ

ပန်းတွေ အလှဆုံး ပွင့်တဲ့ ဥယျာဉ်တစ်ခုထဲမှာ

သမီး ခုန်ပေါက်လျှောက်သွားနေခဲ့တာ

တကယ့်ဘ၀မှာ သေဆုံးသွားခဲ့သူ အမေဟာ

သမီးအိပ်မက်ထဲမှာ ပန်းလေးတစ်ပွင့် ပန်ပေးလိုပေါ့


ဦး သိလား 

ညက မက်တဲ့ သမီးအိပ်မက်ထဲမှာလည်း

သမီးတို ခေါင်းပေါ် လေယာဉ်တွေ ဝဲပျံလာခဲ့တယ်

ဒါပေမဲ့ ၊ သမီးနဲ့ သမီးသူငယ်ချင်းတွေ အတွက် တဲ့

ချောကလက်တောင့်နဲ့ ပန်းစည်းတွေ

အဲဒီလေယာဉ်တွေပေါ်က ကြဲချသွားခဲ့တယ် ။ ။


                                    _ မောင်ရေချမ်း