မြုတန့် ၂
ဆင်းရဲတာထက် ဆိုးတာက ဆင်းရဲပြီး မြုတန့်ဖြစ်ရတာပဲ
ချမ်းသာတဲ့ ကလေးမှာ အတောင်ပံတွေ ပါလာရင် နတ်သားလေး ဝင်စားတာဖြစ်ပြီး
ဆင်းရဲတဲ့ ကလေးမှာ အတောင်ပံတွေ ပါလာရင် အောက်လမ်းနဲ့ အပြုစားခံရတာ ဖြစ်တယ်
Every child is special ဆိုပေမယ့်
အတောင်ပံတွေက မထူးခြားဘူး ထူးဆန်းတာ တဲ့
အမေက ချုပ်ထားတယ်
အဖေက သံဖြတ်လွှနဲ့ ဖြတ်တယ်
အတောင်ပံတွေကလည်း ဆံပင်တွေနဲ့အပြိုင် ပြန်ပေါက်လာတာပဲ
"ကြည့်စမ်း ဟိုကောင်လေးမှာ အတောင်ပံကြီးနဲ့" တဲ့
အတောင်ပံတွေနဲ့ မပျံနိုင်ခင်ကတည်းက
ကျွန်တော် ဟိုး... အဝေးကြီးကို ရောက်နေခဲ့ရတယ်
မင်းအသက်ကြီးလာရင် အတောင်ပံတွေလည်း လိုက်ကြီးလာမှာပဲ
အများသောအားဖြင့် ကျွန်တော် အတောင်ပံတွေနဲ့ပဲ ရှိနေတတ်လာတယ်
၁၆နှစ်သား တစ်ယောက်အနေနဲ့
ဘာလုပ်ချင်လဲဆိုရင်
လက်ဖျံမှာ အတောင်ပံပုံ တက်တူးထိုးပြီး
အတောင်ဖြူဖြူတွေကို အမည်းဆိုးချင်တယ်
ပျံရတာကို ကြိုက်တယ်
ပျံနေချိန်မှာ အတောင်ပံတွေနဲ့ တသားတည်းဖြစ်ရတာ ကြိုက်တယ်
ပျံရတာက မခက်ဘူး
ခြေထောက်တွေနဲ့ လမ်းလျှောက်တတ်ရင်
အတောင်ပံတွေနဲ့ ပျံတတ်လိမ့်မယ်
တစ်နေ့တစ်နေ့ ပျံနိုင်တဲ့ မြုတန့်တွေ စုပြီး
ရပ်ကွက်တိုင်း လမ်းတိုင်းပေါ် လှည့်ပျံတယ်
လေထု မညစ်ညမ်းတဲ့ အမြင့်မှာ စီးကရက်ဖွာတယ်
လေထဲမှာ လမ်းသလားတယ်
လေသလားတယ်ပဲ ဆိုပါတော့
ပျံနေရုံနဲ့ မပြီးဘူးဆိုတာ
ပျံနေရင်းနဲ့မှ သိလာတယ်
ပျံနေတတ်တဲ့ လူငယ်တယောက်အတွက်
အချစ်ဆိုတာ တိမ်တွေကြားမှာ
ပန်းနုရောင် အတောင်ပံတစ်စုံနဲ့လို
စိတ်ကူးယဉ်မိမှာပဲ
အချစ်က မပျံနိုင်ခဲ့ရင်လည်း
သူ့ကို ဆွဲခေါ်ပျံသန်းရင်း
သူမမြင်ဖူးတဲ့ ကမ္ဘာ့အစိတ်အပိုင်းတွေကို လိုက်ပြမယ်
"အချစ်ရေ ကိုယ့်မှာ အတောင်ပံတွေရှိတယ်"
မာကင်ရာနဲ့ တောင်ပံတွေပေါ်မှာ
ဖုန်းနံပါတ်တွေ ရေးသွားကြတယ်
လေထဲ ကစ်ဆင်ဆွဲချင်တဲ့ မိန်းမတွေ ပေါလာတယ်
အချစ်ထက် အတောင်ပံကို ပိုလိုချင်တဲ့ မိန်းမတွေ တွေ့လာရတယ်
အတောင်ပံတွေကို ပြန်ရွံမိလာတယ်
ဒီလိုနဲ့ ဂယ်ဘီ့ကို ကျွန်တော် ရှာတွေ့ခဲ့တယ်
သူက ပျံသန်းရတာ မကြိုက်ဘူး
ဂယ်ဘီက ကျွန်တော့်ကို လမ်းလျှောက်ဖို တောင်းဆိုတယ်
ဘဝမှာ ရေရှည် ပျံသန်းဖိုက မဖြစ်နိုင်ဘူး တဲ့
ကျွန်တော့်ကို အနွေးထည်အထူတစ်ထည် လက်ဆောင်ပေးတယ်
အဲ့ည ကျွန်တော် အိပ်မက်မက်တယ်
ကမ္ဘာပေါ်က အနွေးထည်ထူတွေအောက်မှာ
ရောင်စုံအတောင်ပံတွေ အများကြီး
#မြတ်ကျော်
.jpg)
5 Comments
Fighting
ReplyDeletedone
ReplyDeleteDone 🍀
ReplyDelete🤍
ReplyDelete❤
ReplyDelete