ငါဝတ်ထားတဲ့တီရှပ်ဟာ

ငါ့ကိုယ်ပေါ်မှာအေးအေးဆေးဆေး

ငါဝတ်ထားတဲ့ဂျင်းဘောင်းဘီဟာ

ငါ့ကိုယ်ပေါ်မှာတည်ငြိမ်လျက်


စာအုပ်ကိုငါက သွားဖတ်ခဲ့မိတာ

ကဗျာကိုငါက သွားရေးခဲ့မိတာ


မှန်ရှေ့မှာငါသွားရပ်လို့ ငါ့ကိုယ်ငါမြင်ရတာ

ရုပ်မြင်သံကြားက ငါသွားမဖွင့်ရင်ပွင့်မလာဘူး

တိုင်မှာချိတ်ထားတဲ့ပြက္ခဒိန်ဟာ သူ့အတိုင်းငြိမ်သက်လျက်

နေ့တွေသာ ပြောင်းပြောင်းသွားကြ


ငါဘာမှသွားမပတ်သက်ရင်

သူတို့ဘဝက အေးအေးဆေးဆေးပဲ

စကားမပြောကြဘူး ရန်မဖြစ်ကြဘူး 

ဘာကိုမှ မလိုက်စားကြဘူး

သေစရာလည်းမလိုဘူး


အသက်ရှိလို့ပူလောင်မိပြီး ပျော်စရာကိုလိုက်ရှာတော့

ပျော်စရာရှားလို့ ရေခဲတုံးလိုမှသွားပျော်မိခဲ့တယ်

တစ်စက်ချင်း တစ်ပေါက်ချင်း ။


- အောင်ခိုင်မြတ်