ငွေဟာအရေးကြီးတယ်               

         

ငါ့အသည်းကိုခွဲသွားတဲ့ ငယ်ရည်းစားကိုတရားပြလို့ရတယ်

ပါရီမြို့က ရိုတွန်ကဖေးမှာ ထိုင်မလား

ရန်ကုန်မြို့က လေထန်ကုန်းမှာ ထိုင်မလား

ဟာဝိုင်အီသွားမလား ချောင်းသာသွားမလား

လောကဓံတရားနဲ့ချိန်းရိုက်မလား

နိဗ္ဗာန်ကလွဲလို့ အကုန်သွားလို့ရတယ်

အဆိုတော်လုပ်မလား

မောင်ချောနွယ် ကဗျာပေါင်းချုပ်ထုတ်မလား

ဒါမှမဟုတ်

ကဗျာဆရာတွေနဲ့ပဲ ၃၃လမ်း နောက်ခံ

ရုပ်ရှင်တစ်ကား ရိုက်မလား

ငွေဟာ အရေးကြီးတယ်

နေရာတကာမှာ ဆရာလုပ်လို့လည်းရ

ခပ်ညံ့ညံ့ကောင်တွေကို လူပါးဝလို့လည်းရ

ငါတို့တွေ ဒုက္ခတွေ့တဲ့အခါ

တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်တဲ့အခါ

ချစ်တဲ့အခါ မုန်းတဲ့အခါ

အောင့်ကာနမ်းကြ ဒူးထောက်ကြ

သစ္စာဖောက်ကြ

ငွေဟာ အရေးကြီးတယ်

အဲဒီ -  အရေးကြီးတဲ့ငွေကို သတ်မလို့

အခု -  ငါလိုက်ရှာနေတယ် ။ ။


- ရိုးဒီ