အသုဘ ဘယ်နှစ်ခု လိုက်ပို့ဖူးလဲ


အသုဘ ဘယ်နှစ်ခုလိုက်ပိုဖူးလဲ။ဘယ်အသက်အရွယ်ထိ အသက်ရှင်ရရင် တော်ပြီ ပျော်ပြီ လို တွေးထားလဲ။မင်း အရမ်းချစ်တဲ့ ပထမဆုံး အိမ်မွေးတိရစ္စာန်လေး ပျောက်သွား/သေသွားတုန်းက မင်း အသက် ဘယ်လောက်လဲ။တချိုလူတွေကို မင်းထက် ပို မျက်နှာသာ ပေးတယ်လို ခံစားရတဲ့ ငယ်ဆရာ/ဆရာမ နာမည်က ဘယ်သူတဲ့လဲ။ မှတ်မိတဲ့ အထဲက မင်း အစောဆုံး ဆိုးဆိုးရွားရွား နာမကျန်းဖြစ်တာ ဘယ်တုန်းကလဲ။ 

မင်း အကြီးအကျယ် သဘောကျသလောက် မင်းကို ပြန်အဖက်မလုပ်တာ ဘယ်သူတွေလဲ။ လူကြီးတွေက မင်း ကြီးလာရင် ဘာလုပ်မလဲ မေးတဲ့ အခါ အများဆုံး ပြန်ဖြေဖြစ်ခဲ့တဲ့ အလုပ်အကိုင်က ဘာလဲ။ ပျောက်သွား/ပျက်သွားတဲ့ အထဲမှာ မင်း အကြိုက်ဆုံး ကစားစရာက ဘယ်တစ်ခုလဲ။ မင်း အသေအချာဖြေနိုင်ခဲ့တယ် ထင်သလောက် အမှတ်ကောင်းကောင်းမရတဲ့ စာမေးပွဲကို ဘယ်တုန်းက ဖြေခဲ့သလဲ။ပထမဆုံး crush နဲ့ ကွဲသွားတာ ဘယ်တုန်းကလဲ။ ဘာသာရေးနဲ့ "ဆုတောင်းပြည့်"တယ် ဆိုတဲ့ စကားလုံးအပေါ် ဘယ်အသက်ဘယ်အရွယ်ထိ ယုံကြည်ခဲ့သလဲ။ အစားအသောက် တစ်ခုခု မှာကြည့်ပြီးမှ တကယ်ရောက်လာတော့ မစားနိုင်အောင် ညံ့ဖျင်းနေခဲ့တာ ဘယ်နေရာမှာလဲ။ မင်း အရမ်းကြိုက်ရဲ့သားနဲ့ နောက်ပိုင်းမှာ နားမထောင်ချင်လောက်အောင် ဖြစ်လာတဲ့ သီချင်းက ဘာလဲ။အတိုင်းအတာ တစ်ခုထိ သင်ယူပြီးမှ ဆက်မသင်ဘဲ ရပ်ထားတဲ့ ပညာရပ်တစ်ခုက ဘာလဲ။ အကောင်းတွေ ဟောလို မင်းသဘောကျခဲ့ပြီးမှ လက်တွေ့ဖြစ်မလာတဲ့ ဗေဒင်ဆရာက ဘယ်သူလဲ။ မင်းနဲ့ သက်တူရွယ်တူ သူငယ်ချင်းထဲက "ငါသာ သူ့လို ဖြစ်ရင်တော့ကွာ " လို မင်းတွေးမိဖူးတဲ့ သူငယ်ချင်းက ဘယ်သူလဲ။ မင်း လုပ်ချင်ရဲ့သားနဲ့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ကိုင်ခွင့်မရတဲ့ အလုပ်တစ်ခုက ဘာလဲ။ ဘာကြောင့်မှန်းမသိ မင်းအပေါ် အလိုလို အမြင်မကြည်ဘူးလို ခံစားမိစေတဲ့ တစ်ယောက်ယောက်က ဘယ်သူလဲ။ တစ်ယောက်ယောက်ကို ငှားလိုက်ပြီးမှ ပြန်မရလို ဆိုးဆိုးရွားရွား နှမြောတဲ့ ပစ္စည်းက ဘာလဲ။အိပ်မက်ဆိုးတွေ အားလုံးထဲမှာ မင်းအမှတ်အရဆုံးက ဘယ်တစ်ခုလဲ။ မင်းအပေါ် ဆိုးဆိုးဝါးဝါး သစ္စာဖောက်သွားတဲ့ သူက ဘယ်သူလဲ။ မရည်ရွယ်ဘဲနဲ့ မင်း ချစ်တဲ့ လူတစ်ယောက်ကို နာကျင်အောင် လုပ်မိတာ ဘယ်တုန်းကလဲ။ညဘက်တွေမှာ မသိတဲ့ နံပါတ်တစ်ခုက ဖုန်းခေါ်လာတဲ့ အခါ ဘယ်သူဖြစ်လောက်မယ်/ ဖြစ်လောက်ပါစေလို မင်းတွေးလဲ။ မင်း မိဘတွေနဲ့ ကတောက်ကဆ အဖြစ်ရဆုံး အကြောင်းအရာက ဘာလဲ။ စျေးကြီးပေး ဝယ်လိုက်မိပြီးမှ အဲသလောက် မတန်ပါဘူးကွာလို မင်း နောင်တရတဲ့ ပစ္စည်းတစ်ခုက ဘာလဲ။ မင်း သွားကြည့်ချင်လျက်နဲ့ မကြည့်လိုက်ရတဲ့ ရုပ်ရှင်ကားက ဘယ်တစ်ခုလဲ။ "ဘာမှ မဖြစ်ဘူး။ ငါ အဆင်ပြေပါတယ် " လို လိမ်ညာပြီး ပြောခဲ့တဲ့ နောက်ဆုံးတစ်ကြိမ်က ဘယ်တုန်းကလဲ။ စိတ်မပါဘဲနဲ့ တစ်ယောက်ယောက်ကို အလိုက်အထိုက်စကားပြောနေခဲ့ရတာ ပြီးခဲ့တဲ့ လ အတွင်းမှာ ဘယ်နှစ်ကြိမ်လောက် ရှိလဲ။ မင်း နောက်ဆုံးတကြိမ် ငိုတုန်းက ဘယ်သူ့ ရှေ့မှာလဲ ။ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို စဉ်းစားလိုက်တဲ့ အခါ မင်း ခေါင်းထဲ ရောက်လာတဲ့ နည်းလမ်းတွေက ဘာတွေလဲ။ ပြီးခဲ့တဲ့ မေးခွန်းတွေအတွက် " ဘာလိုလဲ "ဆိုတဲ့ မေးခွန်းလိုအပ်လား၊ ဘာလိုလဲ။ ။ 

#ဏေသစ်