ငါ့အိပ်မက်တွေ ဝရံတာပေါ်က ခုန်ချသွားကြပြီ
သမိုင်းရဲ့ ဆိုက်ပရပ်လမ်းထဲမှာ
ရေဆိုးမြောင်းနံ့က လှိက်တက်လာတယ်
ဒါကို ကိတ်မုန့်ပေါ်က
ဘယ်ရီသီးလေးတွေ ဘယ်သိလိမ့်မလဲ
အသက်ရှူရခက်တဲ့နေ့တွေထဲ
ငါ့အိပ်မက်တွေ ဝရံတာပေါ်က ခုန်ချသွားကြပြီ။
ကတ္တရာလမ်းကို ကွန်ကရစ်က
ဝါးမြိုလိုက်သလိုမျိုး
ချစ်သူနဲ့ရထားတဲ့ ငြိမ်းချမ်းရေးကို
ခွေးဟောင်သံက ဝါးမြိုပစ်လိုက်တယ်
ငါ့အိပ်မက်တွေ ဝရံတာပေါ်က ခုန်ချသွားကြပြီ။
ပစ်လိုက်တာတော့ ခေါင်းကိုပဲ
ခေတ်ကတော့ ပြောင်းမသွားဘူး
ဘောင်းဘီဝတ်ထားတဲ့ မိုးတိမ်ထဲက
မာယာကော့စကီးဟာ သေးပေါက်ချလိုက်တယ်
သေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ ကောင်တွေလဲ
မသေရဲတော့ မျက်ရည်ဝဲရတာပဲ
ငါ့အိပ်မက်တွေ ဝရံတာပေါ်က ခုန်ချသွားကြပြီ။
ဂျူးကိုမုန်းတဲ့ ဟစ်တလာကို
နားလည်သွားတဲ့ စမ်းချောင်းလေးတွေဟာ
ဂစ်တာမတီးတော့တာ ကြာပါပြီ
ခိုက်ခိုက်တုန်အောင်အေးတဲ့ညတွေမှာ
အိမ်ကိုလွမ်းတဲ့အကြောင်း စာတွေရေးတယ်
မြိုထဲမှာ ခွေးတွေကင်းလှည့်နေကြတုန်းလားမေမေ
ငါ့အိပ်မက်တွေ ဝရံတာပေါ်က ခုန်ချသွားကြပြီ။
မိုးလေဝသ သတင်းထဲမှာ
နိုင်ငံတော်ဟာ မုန်တိုင်းရဲ့ ဗဟိုချက်ထဲမှာ
ဗိုလ်လုပ်ချင်တဲ့ကောင်တွေလဲ
ထီးနဲ့ကာလိုမရတဲ့ မိုးတွေရွာနေလို
အပြင်မထွက်ရဲကြတော့ဘူး
ချာလီချက်ပလင်က ဗုံးခိုကျင်းထဲကလှမ်းအော်တယ်
သမ္မတကြီး မာပါစေ သမ္မတကြီး မာပါစေ
ငါ့အိပ်မက်တွေ ဝရံတာပေါ်က ခုန်ချသွားကြပြီ။
လူ့အဖွဲအစည်းကြီးကလည်း
ပစ်ရမှာလဲ သဲတရှပ်ရှပ်
စားရမှာလဲ သဲတရှပ်ရှပ်ပဲ
ဖောရက်ဂမ်တွေတောင် မပြေးကြတော့ဘဲ
ဘတ်စ်ကားမှတ်တိုင်တွေမှာ ထိုင်ကုန်ကြပြီ
ဘယ်ဘုရားက ဘယ်ကားနဲ့လာခေါ်မှာလဲ
ငါ့အိပ်မက်တွေ ဝရံတာပေါ်က ခုန်ချသွားကြပြီ။
- အန်နိုလာ
.jpg)
4 Comments
🌊
ReplyDelete🤍
ReplyDelete😇😇😇😇😇😇
ReplyDeleteFighting
ReplyDelete