20-Second Timer
Time remaining: 20

 


ကျွန်တော်နှင့်ကြယ်ကြွေသတို့သမီး

~~~~

 

                                              

မွေ့ရာပေါ်မှာ အိပ်မှ မဟုတ်ပါဘူး ..

ကျောက်လမ်းပေါ် အိပ်သူလည်း ..

နတ်သမီးအိပ်မက် မက်ခွင့်ရှိပါတယ် ...


ချစ်ရသူတစ်ယောက်နဲ့သာ

ဘဝကို ရုန်းကန်ဖောက်ထွက်မယ် ဆိုရင်

ပိတ်ထားတဲ့ တံခါးအထပ်ထပ်လည်း

ဖျပ်ခနဲ ပွင့်သွားကြမှာပါပဲ ..


မိုးပေါ်မှာ ငှက်တွေဟာ

အတောင်ပံနဲ့ လှော်ခတ်ကြ ..

ပန်းဆိုတာ ..

သနပ်ခါးလိမ်းထားတဲ့

မြက်ပင်လှလှလေးတွေပါ ..


လမ်းပေါ်မှာ လမ်းလျောက်နေတဲ့ ကျွန်တော်ဟာ ..

လှေကားထစ်က ဆင်းလာတဲ့ ချစ်သူကို ..

ဒဏ္ဏာရီလို ဖတ်လိုက်ရတာပါ ..

(တစ်ရံရောအခါက .. လို စခဲ့ပေမယ့်

ယနေ့ထိတိုင် ရင်ထဲကို ငြိတွယ်နိုင်စွမ်းရှိလိုပါပဲ ....)


သာယာတဲ့လင်္ကာ စောင်းညှင်းနဲ့အတူ ..

မိုးပေါ်က.. အလင်းနတ်သမီးလေး

ဆင်းချလာသလိုပါပဲ ..

ကျွန်တော့်ရင်ကို ဆွတ်ပျံ့လှိက်မောစေခဲ့တယ် ..


ချစ်သူ့ကို ချစ်မြတ်ရဲရင့်တဲ့ ..

လူငယ်တစ်ယောက် အဖြစ်နဲ့

သူ့သမိုင်းမှာ.. ကျွန်တော် ပါဝင်ချင်တယ်

နောင်ခေတ် အဆက်ဆက်က

လူတွေ ကမ္ဘာမြေကို ပြန်တူးဖော်တဲ့အခါ

ကျွန်တော့်ရင်ဘတ်ဟာ ..

သူ့အကြောင်းတွေ မှတ်တမ်းတင်ထားတဲ့ ..

ခရမ်းပြာ ကျောက်စာတစ်ချပ် ဖြစ်ချင်တယ် ...

ကျွန်တော့်ရဲ့ ဂျစ်ပ်စီနေ့ရက်တွေဟာ ..

ရွှေရောင်တွေ ပေကျံတောက်ပနေခဲ့တယ် ...

သူ့မျက်နှာကို အလင်္ကာလို ဖတ်ရင်း

ကျွန်တော် ချစ်ရတဲ့ လေညှင်းပေါင်းများစွာဟာ ..

ပန်းရနံ့သစ်ကို ဖွင့်လှစ်ယူဆောင်လာကြတယ် ..

အဲလိုမျိုးပေါ့ ..

ကျွန်တော်ဟာ ..ဘဝမှာ

မရှုမလှ ပျော်ခဲ့ရဖူးပါတယ် .........။


 #တာရာမင်းဝေ