လူငယ်လေးတစ်ဦး

++++++++++++++

စာအုပ်တွေခိုးဖတ်

မွန်ထရီစီးကရက်တွေခိုးသောက်

ဂီတာကိုခိုးတီး

ကဗျာကိုခိုးရေး

နှင်းသီတာကိုခိုးငေးခဲ့ရတဲ့နေ့များ


လက်ဖက်ရည်ဆိုင်တွေခိုးထိုင်

ကြယ်တံခွန်အချစ်ကလေးရေ 

ပြန်ဆုံရာလမ်းဝေးနေ 

ကြိတ်ဆွေးခဲ့တဲ့နေ့များ


ထန်းရည်တွေခိုးသောက်

ပန်းချီတွေခိုးဆွဲ

တက်တူးတွေခိုးထိုး

ငြီးငွေ့ဖွယ်စာသင်ခန်းတွေက 

ဘယ်လိုမှမစွဲဆောင်နိုင်ခဲ့တဲ့နေ့များ


 `ခင်ဗျားတိုထပ်ပြီးဆူဆူပူပူလုပ်ဦးမယ်ဆိုရင်တော့

စစ်တပ်ဆိုတာဘယ်တော့မှ

မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး´

ရက်စက်လှတဲ့ဦးနေဝင်းရဲ့နောက်ဆုံးမိန့်ခွန်းနဲ့

ညစ်တွန်းတွန်းနေတဲ့ ပြည်သူတွေကြား

ဘောင်းဘီထဲလက်နှိက်ပြီး

ပလက်ဖောင်းဘေးက 

လျှောက်သွားခဲ့ရတဲ့နေ့များ


နေပူသလိုအသည်းပူတယ် 

ဘာကြောင့်လဲသိရဲ့လား

အော်ဟစ်ခဲ့တဲ့နေ့များ


မွေးရပ်မြေက တရွေ့ရွေ့

မှောင်မည်းခြောက်ကပ်လာ

စစ်အစိုးရထပ်ရောက်လာချိန်

လူငယ်ဘဝအကောင်းဆုံးအရွယ်တိုင်း

သွေးထွက်အများဆုံးနေ့များ


စာအုပ်တစ်အုပ်နဲ့

လက်ဖက်ရည်တစ်ခွက်နဲ့ ရင်ထဲမှာမီးများတောက်

စောင့်ရတာဝေးလွန်းလို

ငါမင်းဆီအပြေးလာခဲ့တဲ့နေ့များ


ရေဒီယိုနားထောင်ရင်နိုင်ငံရေးသမားပဲလို

စောင့်ကြည့်ခံရတဲ့ခေတ်မှာ

နှလုံးသားအိမ်မှာပူတယ် 

ဆောင်းနှင်းမြူအေးတယ်

အခါးဆုံးအရက်ကိုမိတ်ဆွေလုပ်မယ်

ချိုပါတယ်ခဲ့ရတဲ့နေ့များ


လူငယ်ဟာလူငယ် မော်တော်ယာဉ်ဖန်ဆင်းခဲ့တယ်

မော်တော်ယာဉ်ကျော်ကာ 

လေယာဉ်ပျံတီထွင်သွားကြတယ်

လမ်းထိပ်အုတ်ခုံပေါ်ထိုင်ပြီး 

အားတင်းအော်ဆိုခဲ့ကြတဲ့နေ့များ


ကိုယ့်ကိုပျော်ရွှင်ယဉ်ကျေးအောင်

မထိန်းကျောင်းနိုင်တဲ့ကျောင်းတွေကို

စိတ်ပျက်မိတဲ့အချိန်တိုင်း

အသိုက်လည်းမရှိဘူး ကူးချင်ရာကိုကူး

သွားချင်ရာကိုသွား လွတ်လပ်ခဲ့ကြတဲ့နေ့များ


တစ်နေ့ပြီးတစ်နေ့

ပြာပုံဖြစ်လာတဲ့နှစ်တွေထဲ

အံတွေကြိတ်ပြီး သူပုန်စိတ်မွေးခဲ့ရတဲ့နေ့များ


ငါတိုမျှော်လင့်ချက်တွေကို

သေနတ်အလက်ပေါင်းများစွာနဲ့

ဝိုင်းချိန်ထားတဲ့ခေတ်မှာ

ငါတိုတတွေ

ကဗျာတွေသီချင်းတွေနဲ့တော်လှန်ရေးခဲ့ကြ

မြင်နိုင်ရင်လေ ကိုယ့်ရင်ထဲ

တားဆီးကြည့်မနေနဲ့

မြေအောက်နည်းလမ်းနဲ့ 

ကြံဖန်အသည်းကွဲရတဲ့နေ့များ


စာဖတ်တဲ့လူငယ်ဟာ ရန်ရှာခံခဲ့ရတယ်

လူငယ်တစ်ယောက်ဟာ

အာဏာရှင်ကိုမကျေနပ်လို 

ရတဲ့နည်းနဲ့ပေါက်ကွဲပြီးရင်

ပြေးပေါက်တွေရှာထားရ

သယ်ဆောင်ရာအိတ်လည်းပြင် ယာဉ်မြန်ကိုစီး

ခရီးထွက်ဖိုဒိုလာနေပြီလေသီချင်းကိုအော်ဆိုရင်း

အိမ်ပြေးဖြစ်ခဲ့တဲ့နေ့များ


ဒီမိုကရေစီရမှ

ဆံပင်တွေညှပ်ပစ်မယ်

ငါတိုမတိုင်ပင်ထားပဲ

တပြိုင်တည်းဆံပင်ရှည်ရှည်

လူငယ်တွေရဲ့နေ့များ


ဟုတ်ပါတယ် ဟုတ်ခဲ့ပါတယ်

လူငယ်ဘဝရဲ့ကြွေရွက်ဝါနေ့များ


သြော်

လူငယ်လေးတစ်ဦး

လူငယ်လေးတစ်ဦးတွေ

ငါတိုလူငယ်လေးတစ်ဦးတွေ။


#အောင်ခိုင်မြတ်