အလွမ်းဟာဖုန်းမှားဝင်လာတယ်

======================  


လူသားဖြစ်ခြင်းရဲ့ အကြီးမားဆုံး အရင်းအနှီးက

အတိတ်ကံဖြစ်ပြီးတော့

ငါ ယူဆောင်သွားချင်တဲ့ အသီးအပွင့်ကတော့

မင်းကလေးပါပဲ။


သတိရခြင်းပေါ် ငှက်မွှေးလေး လွင့်ကျလာရင်တောင်

မီးပွင့်မတတ် နာကျင်ခံစားရသူပါကွယ် ။


မင်း လက်ကိုသာ လှမ်းဆွဲထားလိုရရင်

ကမ္ဘာကြီးကို ဘောလုံးလို ကန်ထုတ်ပစ်မိမယ်။


သွေးဆာနေတဲ့ စစ်သူရဲတယောက်လို

လောကကြီးထဲ ငါ ရဲရင့်ခဲ့ပါတယ် 

အချစ်နဲ့အတွေ့မှာ လက်ပိုက်ထားရတဲ့ ကျောင်းသားလေးလို

တိုနှစ်ဦးကြား လိပ်ပြာလေးဖြတ်ပျံသွားမှာကိုတောင်

ရူးမတတ်ထိပ်လန့်နေတတ်ခဲ့ပြီ ။


ကံတရားဟာ နှစ်ပေါင်းများစွာ ခြားနားထား

အလိုမတူလိုများလား တွေးမိတယ် ။


ပြည်တွင်းစစ်ကြီးလို ခြားနားခဲ့

ငါ ကမ်းလှမ်းမှာက

မစိုမပိုငြိမ်းချမ်းရေး

ငါတို အလှမ်းဝေးနေရဦးမှာပါ ။


ရတနာမြေပုံကို တခြမ်းစီဖြဲ

နှစ်ပေါင်းများစွာ ကွဲကွာသွားသူတွေလို

ဒီဇာတ်လမ်းမှာ အထိအခိုက်များစွာ ရှိလေမလား

ငါပဲ နာကျင်ပါရစေတော့။


ဆပ်ပြာပူပေါင်းလေးလို မင်းရှေ့ ငါဝေ့ဝဲလာခဲ့ပြီ

ဖျပ်ကနဲ ကွဲအထွက်မှာ တခစ်ခစ်ရယ်သံလေးကိုပဲ

သေရာပါအောင် လွမ်းတော့မယ် ။


ငှက်ကလေးကို ငေးကြည့်ရသလိုမျိုး

ပင့်သက်ကိုတောင် ခိုးရှိက်နေရတယ်

ဘယ်အချိန်ပျံထွက်ပြေးသွားလေမလဲ။


မင်းသာ ချစ်တေးတပုဒ်ဆို

ဘယ်သူမှ မကြားအောင်

စိတ်နဲ့ပဲ တိုးတိုးလေး ဆိုညည်းမယ် ။


အိပ်မက်ကို ဖမ်းဖို ကြိုးတချောင်းလိုတယ်ဆို

ငါ့ အရေပြားကို ဆုတ်

ကြိုးလုပ်ပြီး ဖမ်းလိုရ ရင် အကောင်းသားပေါ့။


အခုတော့

ချစ်တယ် လိုတခါပြောဖိုကို

ပါရမီ အဆက်ဆက်သွယ်တန်းလာတဲ့ အားအင်တွေ

ကုန်ခန်းလုခမန်းပါပဲကွယ်

အလွမ်းတွေဟာ ဖုန်းမှာ ဝင်လာပြန်တယ် ။     ။


#ခက်သီ