အထီးကျန် ဖြစ်ရခြင်းရဲ့ လျှို့ဝှက်ချက်ဆိုတာ
~~~~~~~~~~~~~~~~~~~
နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တစ်အိပ်ယာတည်း ကျောချင်းကပ် အိပ်စက်ခဲ့ရတဲ့ လင်မယားစုံတွဲတွေကြားထဲမှာ ငြီးငွေ့မှုဆိုတာ ရှိနိုင်သလိုမျိုး တူညီနေတဲ့ ကဗျာအပုဒ်တွေကို ဖတ်ရှုဖို့ ငြီးငွေ့လာကြတဲ့ သူတွေ ရှိတာကိုလည်း ကိုယ် လက်ခံနိုင်ပါတယ်။ မင်းနဲ့ မတွေ့ရခင်အထိ သူတို့ရဲ့ ငြီးငွေ့မှုကိုလည်း ကိုယ် သဘောတူတယ်။ ဘ၀ဟာ အမြဲတမ်း ခံစားလို့ ကောင်းတဲ့ အရာတွေနဲ့ ပြည့်နေတာမျိုးမှ မဟုတ်တာ။ အတုနဲ့ အစစ် မခွဲခြားနိုင်မှတော့ ကိုယ်တို့အပေါ်မှာ ကျရောက်ခဲ့ရတဲ့ အမှောင်ထုကို အမှောင်ထုအတိုင်း ကိုယ်တို့ လက်ခံလိုက်ကြရုံပဲ။ ဆုံးရှုံးသွားခဲ့ရတဲ့ မျှော်လင့်ချက်တွေကို ငြီးငွေ့မှုနဲ့ အတူတူ ကိုယ်တို့ စွန့်လွှတ်ပစ်လိုက်ကြရုံပဲ။ ကိုယ်လိုနေတာက နှစ်ဆယ့်လေးနာရီပတ်လုံး ကိုယ့်ဆီမှာ အလင်းရောင် ရရှိနေမယ့် မီးပြတိုက်။ ဘယ်အချိန်ချိန် လှမ်းကြည့်ကြည့် ကိုယ် အမြဲတမ်း မြင်နေရမယ့် အလင်းရောင်။ နားထောင်ရတာ ဘယ်တော့မှ ငြီးငွေ့မသွားရမယ့် မင်းရဲ့ စကား။ တက္ကစီပေါ်က ရေဒီယိုသီချင်းသံကို ကြားလိုက်ရရုံနဲ့ ဘ၀ရဲ့ တကယ် မရှိတဲ့ အစိတ်အပိုင်းတစ်ခုဆီကို ခရီးထွက်သွားမိတဲ့ ကောင်လေးတစ်ယောက်လိုမျိုး လူတွေကတော့ ကမ္ဘာကြီးထဲမှာ အမြဲရှိနေကြမှာပဲ။ အဖြစ်မှန်ကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်မှန်း သိပေမဲ့လို့ပေါ့။ ကိုယ်ကိုယ်တိုင်လည်း နားလည်ခဲ့ပါတယ်။ အထီးကျန် ဖြစ်ရတယ် ဆိုတာ ညောင်ညိုပင်ရိပ်အောက်မှာ၊ တိုက်ခန်းတစ်ခုအထဲမှာ၊ ဒါမှမဟုတ် ဘယ်တော့မှ မရှင်းလင်းထားရသေးတဲ့ အိပ်ယာတစ်ခု ရှိတဲ့ အခန်းထဲမှာ အမြဲတမ်း တစ်ကိုယ်ရည် တစ်ယောက်တည်း ရှိနေရခြင်း မဟုတ်ဘူး ဆိုတာကို။ အဲဒါက ဘယ်သူမှ ကိုယ့်အနား မရှိနေတော့တဲ့ အချိန်မှာတောင် မင်းကို သတိရစိတ် တစ်ခုတည်းနဲ့ပဲ ဆက်လက်ရှင်သန်နေရတာမျိုး။
#မိုးရဲ
.jpg)
4 Comments
အထီးကျန်နေဆဲ🤗
ReplyDelete💛
ReplyDelete💜
Delete🙂
ReplyDelete