ကျေးဇူးတော်လမ်း


အသက်ကိုနောက်မှရှူမယ်

ကော်ဖီကိုအရင်သောက်မယ်


ငါ့ကိုယ်ငါအရင်ချစ်လည်း

မင်းကိုချစ်တာ အရင်ဖြစ်ခဲ့တယ်။                ။


လမ်းပေါ်တစ်နှစ်ပတ်လုံး သွားနေတာပဲ

လမ်းပေါ်တစ်နှစ်ပတ်လုံး လူတွေ သေနေကြတာပဲ

မသွားလို့မှ မဖြစ်

အချစ်မှာ မရောက်လို့မှ မဖြစ်ပဲ။


မသာ ဆယ်ခေါက်လည်း

လူဟာ ဘယ်မှ မရောက်ဘူး။


အသည်းကွဲတယ်ဆိုတာကလည်း

အသည်းရှိခဲ့လို့ပါပဲ

အချစ်မှာ

အခြား ဘာရှိရမှာလဲ


ငါလည်း

မသေအိမ်က မုံညင်းစေ့ပမာ

ပျောက်နေတာကို ဘဝထဲမှာ မရှာ

အရိပ်ထဲမှာ မနား

အနီးဆုံးဘုရားကို မဖူး

လမ်းဟာ ရူးခါနေတာပဲ။                     ။


ကိုယ်အသက်ကြီးခဲ့ရင် ပင်လယ် တောင်တန်းနဲ့

နယ်မြို့လေးတစ်မြို့မှာ သွားနေမယ်

ကိုယ်အသက်မကြီးခဲ့ရင်လည်း

ကိုယ်ဟာ တစ်ပြားမှ မလျှော့

ရန်ကုန်းလမ်းပေါ်မှာပဲပေါ့။


လင်းနေမှ လူနေတယ် ထင်ယောင်မှားမိတယ်

အမှောင်းထဲမှာလည်း ငြိမ်ငြိမ်လေး ကိုယ်နေတယ်


အစကတည်းက မရောက်ခဲ့ရင်

ဘယ်တော့မှလည်း မရောက်

ကိုယ်လျှောက်နေတဲ့ လမ်းထက် လူဟာပိုမရောက်


အိမ်အပြန်လမ်းတစ်လျှောက်

အားလုံးနောက်ကျလည်း

တစ်ယောက်ချင်းမှာ

မိသားစုတစ်စုချင်းမှာ

ခြေလမ်းညီညီစီလို့

မြို့အပြင်က အိမ်ထဲ

လေယျာဉ်ပျံတီထွင်နိုင်လည်း မပျံသန်းနိုင်ပဲ

ပြန်လည်ဝင်ရောက်ပျောက်ကွယ်လို့


မိုးကုန်မှ မုတ်သုန်ရောက်လာတယ်

ဆောင်ရဦးရွက်ကြွေထဲ

ကျွန်တော်တို့ တဖွဲဖွဲ လွဲသွားကြပုံရတယ်။                 ။


အပွင့်လှနေရင်

လက်တို့တို့ပြီးပြလို့

ဖဲသေနေရင် မျက်စိမျက်နှာကို ပျက်လို့

အချစ်နဲ့ ကစားရင်း အစားခံရတာပဲ

ဟန်ကိုယ့်ဖို့ မထားတတ်ဘူးလား

ကိုယ့်ကို ကြည့်ပါ

အတွင်းလှိုက်စားနေလည်း

အပြင်မှာပြုံး ရယ်လို့


ရန်ကုန်ကို ငုံ့ကြည့်ဖို့ရာ

ကိုယ့်မှာ ကဗျာပဲ ရှိတယ်

ချစ်မေတ္တာကတော့ အမြဲဆန်းကြယ်

တအံ့တဩ ငေးမောကြည့်ရတယ်။


-စိုင်းဝင်းမြင့်