အဝါရောင်ဝင်ရိုးရဲ့ ဟိုမှာဘက်ကမ်းဆီက

•••••••••••••••••••••••••••••••••••••••••••••••••


တစ်ချို့ကိစ္စတွေက ဘုရားမှသိမှာပဲ

ငါတို့တောင်ပေါ်မှာပန်းတွေပွင့်တယ်

လင်ဆိုးမယားတစ်ဖားဖားလို ကျွန်းပင်ပေါက်စတွေ

သောင်ရင်းရေတိုးသလို

ငါတို့ရဲဘော်တွေ

ဖားနဲ့ငါး ကွဲတာပေါ့ကွာဆိုပြီး

တော်လှန်ရေးကိုသြဒိနိတ် တွက်ချက်ကြသူတွေ

တစ်ချို့ကိစ္စတွေက ဘုရားမှသိမှာပဲ

အနှစ်တစ်ရာမှာ ငါတို့က ဘယ်နှစ်ခါတော်လှန်နေရမှာလဲ

အရေးတော်ပုံ ကော်ဖီတွေက ပျစ်ချွဲနေမှာပဲ

ဂစ်တာထဲသေနတ်သံတွေ ထည့်ဖွက်ထားတဲ့ညလို

ရေးရေးယူယူမရှိလှတဲ့ ကမ်းတစ်ဖက်က

အလွမ်းဖက်မိုးထားတဲ့ တဲအိုညိုလေးပါ

ယူနီဖောင်းဝတ်ပြီး စီးကရက်ခဲထားတဲ့

အသည်းကွဲရွာသားလေးပါ

ခုဆို တို့တောင်ပေါ်မှာ မိုးတွေရွာပေါ့

ဒါပေမယ့်

တစ်ချို့သီချင်းတွေက ပြန်မလာကြတော့ဘူးတဲ့။


- Aမွန်