ပူနေတဲ့ နှင်းတွေ


နှင်းတွေအပေါ် ကျတဲ့ လရောင်ဟာ

နှစ်ဆ ပိုလှတယ်

လို့ အမြဲတမ်းငေးမောနေမိတယ်။


ငါဟာ

စောက်ပေါက်ပိတ်ပြီး စီးဆင်းနေတဲ့သွေးတွေပါပဲ။

ငါဟာ

ဘယ်အရာကမှ လာမထိလို့ မီးမပွင့်တဲ့

"မထိနဲ့မီးပွင့်သွားမယ်"ဆိုတဲ့

နံရံကပ်စာတန်းပါပဲ။


မီးခိုးတွေနဲ့ မီးကိုပြန်ငြှိမ်းလို့

မရနိုင်ဘူးလား

အသက်တစ်ခု နဲ့ ခန္ဓာနှစ်ခုကို

ပြန်အသက်သွင်းမရနိုင်ဘူးလား

နေရာအနှံ့က မျက်ရည်တွေနဲ့

မျက်ရည်မိုးတွေရွာချ ၊ 

မျက်ရည်မိုးကြိုးတွေပစ်ချ လို့မရနိုင်ဘူးလား


နှင်းတွေကို

အသက်ပေးပြီး 

ဘာမှမရတဲ့ လူတွေဆီ။

အသက်ပေးပြီး

ဘာမှ ပြန်မယူသွားတဲ့ လူတွေဆီ။

မျက်လုံးဆီ ၊ နှလုံးသားဆီ ၊ ချစ်ခြင်းမေတ္တာဆီ

ဝေးကွာရခြင်းတွေဆီ ၊ မဆုံတဲ့လမ်းနဲ့ခြေထောက်တွေဆီ

ကျန်ရစ်ထားခံရသူတွေဆီ

နေရာတကျ ပြန်ပို့လိုက်တယ်

လရောင်ကို 

လဆီ ပြန်ပို့လိုက်ပါတယ် 

မ ခံ စား ချင် တော့ ဘူး ။ ။


- ဇာတိ