ပန်းရံဆရာ


လက်ထဲမှာ သံလျက်ကိုင်ထားတယ်

ကျောပြင်မှာ ချွေးတွေ ရွှဲနေတယ်

နေက ပူတယ်

မဆလာဒယ်ထဲ ရေနည်းနည်း ထပ်ရောတယ်

ဆေးဝါ နွယ်ချိုကို ပါးစောင်မှာ ငုံထားတယ်

သမ္ဘာကြောင့် လူကြမ်းတွေလိုတော့

အုတ်ခဲသယ်နေစရာမလိုတော့

မဆလာဖျော်နေစရာမလိုတော့

လက်ရာကို သေသေသပ်သပ်လုပ်တယ်

ပြန်ရင် အဖြူတစ်ပိုင်းတော့ ပုံမှန် မော့တယ်

ဒီထက်လည်း မပိုဘူး

ဒီထက်လည်း မလျော့ဘူး

ကိုယ်တိုင်က စာရေးတတ်ဖတ်တတ်ရုံ ဆိုပေမယ့်

သားသမီးတွေကို ဘွဲ့ရအောင် ထားနိုင်ခဲ့

ထိုင်စားရမယ့် အလှည့်ရောက်နေပေမယ့်

အလုပ်မလုပ်ပဲ မနေတတ်လို့

လာအပ်သမျှ လက်ခံခဲ့

ပန်းရံ ဆိုတဲ့ နာမည်အတိုင်း

ပန်းတွေ ရံနေတဲ့ ဘဝမျိုးမဟုတ်ပေမယ့်

ကျေနပ်ပါတယ်

အိမ်က အဖွားကြီးကတော့

ဘဝမှာ ရခဲ့ဖူးတဲ့ တစ်ခုတည်းသော

ဆုလာဘ်ပဲ။


- လင်းမာအို