ဘာကြောင့် ကြယ်တွေ ရှိနေ
အိပ်မပျော်တဲ့ ညတွေအတွက် ကိုယ်ဟာ သမုဒ္ဒရာ ဖြစ်ခဲ့ဖူးတဲ့ သဲကန္တာရတစ်ခုလို ကိုယ် မသိလိုက်တဲ့ အချိန် ကြယ်တွေ ပျောက်သွားမှာကို စိုးမိတယ်။ ဝေလငါးတစ်ကောင်ရဲ့ ပါးစပ်ထဲ ရောက်နေတဲ့ ကိုယ့်ကို တကူးတက လာရောက် ကယ်ဆယ်မယ့်သူလည်း မရှိ။ ပြီးတော့ ကိုယ်ဟာ တစ်စုံတစ်ယောက်ရဲ့ အစာခြေဖျက် လမ်းကြောင်းပေါ်မှာ ရှိနေမှာကို။ ကြောက်ရွံ့စရာ ထိတ်လန့်မှုနဲ့ ဘယ်တော့မှ နောက်တစ်ခါ ပြန်လည် မနိုးထနိုင်တော့မှာကို။ မင်းအပေါ်မှာ လွှမ်းမိုးခဲ့တဲ့ အရာတွေက နာကျင်မှုနဲ့ အရသာကို ရှာဖွေနေတဲ့ လျှာတွေ၊ ကိုယ့်ရဲ့ ပါးပြင်ကို လာရောက်ထိတွေ့နေတဲ့ လက်ချောင်းတွေ။ ကိုယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့မယ် ဆိုရင် အဲဒါက မင်းရဲ့ ရင်သားတွေအပေါ်။ ပြီးတော့ တစ်စုံတစ်ခုကို ဖမ်းဆုပ်ဖို့ ကြိုးစားတိုင်း ကိုယ့်ရဲ့ လက်ထဲမှာ အထွေးလိုက် ပါလာတဲ့ မင်းရဲ့ ဆံပင်တွေ အသေင်္ချေ အနန္တ။ တစ်ညလုံး ထွန်းထားတဲ့ မီးရောင်အောက်မှာ ကိုယ်တို့ရဲ့ ခန္ဓာကိုယ်တွေ လောင်ကျွမ်းသွားပစေ၊ မနက်ခင်း အလင်းရောင် ရောက်တဲ့အခါ လိပ်ပြာတွေအဖြစ်နဲ့ အတောင်ပံတွေ ဖြန့်ပြီး သဲမှုန်တွေ ကြားထဲမှာ ပျံသန်းသွားပစေ၊ အနက်ရှိုင်းဆုံး ဟင်းလင်းပြင်ထဲမှာ ကိုယ်တို့ဟာ ကြယ်ငါးတွေ အဖြစ် ပုန်းခိုလို့။ တစ်ယောက်ကို တစ်ယောက် တွယ်ကပ်လို့။ တိတ်ဆိတ်မှုတွေကို စကားတွေအဖြစ် ပြန် အသက်သွင်းနေစရာ မလိုတော့ပါဘူး။ ကိုယ်ဟာ ပျော်ရွှင်မြူးတူးတဲ့ စိတ်နဲ့ ပျောက်ဆုံးသွားတဲ့ ကြယ်တွေကို အရသာ မခံတတ်ရင် တော်ပါပြီ ။ ။
မိုးရဲ
Jun 2022
.jpg)
2 Comments
😔
ReplyDelete😐
ReplyDelete