" ပွန်းပဲ့နေတဲ့ ငှက်တစ်ကောင် "


အပြင်မှာ

မှောင်တော့မယ် ညီမလေးရေ ...။


ခုလို ညနေခင်းတွေဆို

ခိုကိုးရာမဲ့ငှက်တွေကို အစာချကျွေးရင်း

ကိုယ့်ညီမလေးလည်း 

လောကကို တစ်ဆုံး တွေးနေတော့မယ်။


အေးကွာ ...

မြို့ကြီးပြကြီး ဆိုတာလည်း

တောကြီးမျက်မည်းလိုပါပဲ

လမ်းမနဲ့တူတဲ့ ကိုယ့်ဘဝကို

ငုံ့ကြည့်ပြီး လျှောက်တာတောင်

လမ်းပျောက်လို ပျောက်

သစ်ပင်နဲ့တူတဲ့လူရဲ့ အောက်မှာ ရပ်ရင်း

မျက်လုံးနဲ့မတူတဲ့ အကြည့်တွေကို ရှောင်ဖယ်ရင်း

ကိုယ့်ညီမလေး ချကျွေးတဲ့

အစာဗန်းလေးထဲမှာ

ငှက်ကလေးတစ်ကောင် ဖြစ်ချင်ပါတယ်။


ခုလို အမှောင်တွေ တစ်ရစ်ချင်း ဆင်းလာပြီဆို

ကိုယ့်ကိုယ်ကိုယ် ညဥ့်နက်ထားရတဲ့ နေ့တွေဟာ

ခေါင်းပေါ်က ဆံပင်တွေလို ရှည်လျားဆဲ

ဒုက္ခဆိုတာကလည်း

တစ်ခါတစ်လေ ဖီးသင် သပ်ရပ်လိုက်

တစ်ခါတစ်လေ ရှုပ်ထွေးပွယောင်းလိုက် မဟုတ်လား

ငှက်တွေ အိပ်တန်းဝင်ကြပြီ ညီမလေးရေ

'ငါလည်း ဒီည 

ဘယ်အကိုင်းမှာ နားမှာလဲ' အတွေးထူထူ

တိရိစ္ဆာန်ရုံနဲ့တူတဲ့

ဆူဆူညံညံ အရက်ဆိုင်ကလေးထဲက ထွက်လာခဲ့တယ်။


ကဲ ... 

လောကကို ခပ်မော့မော့

ကြည့်တတ်တဲ့ ကိုယ့်ညီမလေးရေ

မိုးတွေလည်း မှောင်လာပြီ

မင်းအခန်းတံခါးကို ပိတ်လိုက်တော့

မင်းစာဖတ်ချိန်၊ မင်းအိပ်ချိန်

ပြီးတော့ မင်းအိမ်မက်တွေထဲ

ခေါင်းငိုက်စိုက် ပျံသန်းလာတဲ့ ငှက်တစ်ကောင်

ခပ်တိုးတိုး ပေါက်ကွဲရင်း

လမ်းပျောက်နေတာ တွေ့ရင်လည်း

မင်းသိထားတဲ့ အဘိဓမ္မာတွေ၊ ဒိုင်ယာလော့တွေနဲ့

ငါ့ဘဝထဲ ချကျွေးပါဦးကွာ။     ။


- ဝင်းမြင့်