လက်ဖျံရိုးပေါ်က ဒွိဟ



ကိုယ်ဟာ

ဓားတန်းလန်းနဲ့ မြစ်တစ်စင်းပါ

ဆွံ့အ ခြင်းတွေနဲ့

ငြိမ်ငြိမ်လေး စီးဆင်းနေမိရင်

နားလည်ပေးမှာလား


ကိုယ်ဟာ

မီးလောင်နေတဲ့ တဲအိုပျက်ပါ

ပူလောင်ခြင်း သက်ပြင်းရှည်တွေ

မင်း ပါးပြင်ပေါ် လာဟပ်တဲ့အခါ

တွန့်ဆုတ်သွားမှာလား


ကိုယ်ဟာ သူပုန်ပါ

အာဏာရှင်၊ ​ရှေးရိုးစွဲဝါဒ၊

လူ့အဖွဲ့အစည်းနဲ့ ငွေကြေးဓနတွေကို

ကိုယ့်နည်းကိုယ့်ဟန်နဲ့ တော်လှန်တဲ့အခါ

ခနဲ့စကား ဆိုမှာလား


(ကိုယ်က)

မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ

ကမ္ဘာတစ်ခြမ်းကို ကိုယ်က ပိုင်ပြီး

(မင်းက)

ကိုယ့်လက်ကို မဖြုတ်ချရင်တော့

ကမ္ဘာကြီး တစ်ခုလုံးကို မင်းက ပိုင်လိမ့်မယ်။


#မောင်ဆောင်းခ