- ကိုယ့်ကိုယ်ကိုယ် ပြန်မပေးဖြစ်တော့တဲ့ နွေးထွေးမှုတွေအတွက် အချစ်ကဗျာတစ်ပုဒ် -

အရင်ဆုံး ကိုယ့်နာမည်ကိုယ် ဒီဇင်ဘာလို့ ပြောင်းပစ်လိုက်ရတယ်
ပြီး၊ ဇန်နဝါရီကို နှုတ်ဆက်ဖို့အတွက် အရက် တစ်ပုလင်း၊ သံပုရာသီး သုံးစိတ်နဲ့ ပေါ်ပင်အသည်းကွဲ သီချင်းတစ်ပုဒ်
ဖေဖော်ဝါရီလရဲ့ ၅ ရက်နေ့ရောက်တိုင်းမှာ ကိုယ့်ကားဟာ တံတားတစ်စင်းစင်းပေါ်မှာ ပျက်မယ်
လူပေါင်း နှစ်ထောင်လောက်ရဲ့ အံ့ဩသလိုလို သနားသလိုလိုကြည့်တဲ့ အကြည့်တွေနဲ့ ကြုံရမယ်
မတ်လမှာတော့ ကိုယ့်ရေတိုင်ကီထဲ ရေတစ်စက်မှ မရှိ
ပူလောင်မှုကို အရသာတစ်ခုအဖြစ် သိရမယ်
ဘုရားမေ့တရားမေ့သလိုတော့ ဧပရယ်လ်ကို ကိုယ်မမေ့သေးဘူး
၁ ရက်နေ့ရောက်တိုင်း ကိုယ့်ကို အရူးလုပ်ဦးမယ့် တစ်ယောက်ယောက်ကို မျှော်နေမိတုန်း
ဝုန်းဆို မထင်မှတ်ထားချိန်မှာ ဝင်ရောက်တိုက်ခတ်ပစ်မယ့် မေလရဲ့ မုန်တိုင်းလို
ကိုယ့်ကိုယ်ကိုယ် ဂျွန်လရဲ့ မျက်ရည်တွေလို့ ထင်ယောင်ထင်မှားဖြစ်မိ
ဒါပေမဲ့ ဂျူလိုင်သာ ဖြစ်ချင်ဖြစ်သွားမယ်
ကိုယ်ကတော့ သိဒ္ဓတ္ထလှိုင် ဖြစ်စရာ ဘာစောက်ကြောင်းမှ မရှိ
မင်းသာ ကိုယ့်ကို တကယ်သိခဲ့ရင်
ကိုယ်ဟာ မင်းကို သိဖို့ ကြိုးစားနေစရာ မလိုခဲ့သလိုပေါ့
ဩဂတ်စ် စက်တင်ဘာ အောက်တိုဘာ
ဘဝဆိုတာ ဘာတွေထပ်ဖြစ်လာမလဲလို့ စောင့်ကြည့်နေရတဲ့ ရုပ်ရှင်ထက်ပိုရင်
ကိုယ် ငိုနေမိမှာပေါ့
နိုဝင်ဘာရဲ့ အဆုံးအစမရှိတဲ့ ရက်စက်မိုးသည်းတွေထဲမှာ။

- ဆစ်ခ်