ဘယ်အချိန်ကြည့်ကြည့် ငေးမောတွေဝေနေမှုထဲမှာ ငါဆိုတာ ရှိ -


အားကုန်သွားတဲ့ ဓာတ်ခဲတွေကို

တစ်နေရာရာမှာ စုပုံထားလိုက်တော့ 

ငါဆိုတာတာ ဖြစ်လာခဲ့ရတယ်

ယူနီကွန်းတစ်ကောင်လောက် လိုချင်နေမိခဲ့ဖူးတဲ့ 

ငယ်ဘဝကအိပ်မက်တွေကို ငါ ပြန်မရတော့ဘူး

ပါဝါရိန်းဂျားအရုပ် အရောင်စုံပါဝင်တဲ့ 

လက်ပတ်နာရီလေးတွေဆိုတာ ဝေး 

နောက်ဆုံး 

ငါကိုယ်တိုင် ဘယ်တော့မှပြန်မရနိုင်တော့တဲ့ 

ငါ့ကိုယ်ငါ စစ်စစ်တွေ ။


ငါ့ကို ကယ်တင်မယ်ဆိုတဲ့ 

ဘ၀တိုင်းဟာလည်း ငါ့ကို  ချနင်း

သွားခဲ့ကြတာချည်းပါပဲ

ငါ့ရဲ့ အချိန်တွေကို ဘ၀က စားသွားတယ်

ငါ့ရဲ့ ဘဝကို အတွေးအခေါ်ကပဲ ပြန်ပြီးတော့

စားသွားခဲ့တယ်

ငါ့ရဲ့ အတွေးအခေါ်တွေကတော့ ငါ့ကိုပြန်ပြီးစားသွားနေခဲ့တော့တာပေါ့

ငါဟာ ရူးသွပ်စွာပဲ နွေးထွေးရတယ် , ရုတ်ချည်း

အေးစက်ပစ်တတ်ခဲ့ရတယ် ။


ငါ့နောက်ကျောမှာလည်း လူမမြင်အောင် 

သိုဝှက်သိမ်းဆည်းထားမိခဲ့တဲ့ အရှိုးရာတွေချည်းပဲ

ငါ့ရဲ့ခေါင်းထဲမှာလည်း

ငါဘယ်တော့မှ ထုတ်ပြန်ကြေညာနေမှာ 

မဟုတ်တဲ့ 

စိတ်ရဲ့ နစ်နာစရာတွေက အပြည့်ကြီးနဲ့

အသစ်စက်စက်ကို ဆာလောင်မွတ်သိပ်တဲ့

သူတွေ ပြောတတ်ကြတဲ့ 

သစ္စာတရားတွေနဲ့ပဲ ဘ၀ကို ကျော်ဖြတ်လာခဲ့ရ

ငါ့ရဲ့ အပြုံးတိုင်းဟာလည်း

ငါ့ ကျရှုံးမှုတွေကို ဖော်ပြထားခဲ့တဲ့ နိမိတ်တွေချည်းပဲ ။


ဝေးကွာဖို့ဆိုတာ လွယ်လင့်တကူပါလို့

တွေးကြည့်နေလို့လည်း ရပါတယ် နော်

ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် သွေးတွေသံတွေ

ရဲချင်ကလည်း ရဲနေနိုင်ခဲ့သလို 

ကိုယ့်အဓိပ္ပါယ်တွေနဲ့ကိုယ်ပဲ အရောင်အဆင်းတွေ

မဲ့ချင်ရင်လည်း မင်းဘက်မှာ မဲ့ပိုင်ခွင့်လေး ရှိရ

ဘာမှမထူးဘူးဆိုတာကလည်း 

ကာလတစ်ခုခုကိုရောက်တော့

အကြောင်းပြချက်တစ်ခုခု ဖြစ်သွားနိုင်သေးတာပဲ


တစ်ခါကဆို ငါဟာ 

အရူးအမူးဝါဒ ကျရှုံးသွားခဲ့ရတဲ့အထိ 

တစ်ဦးတစ်ယောက်ကို ဦးကျိုးကျနေအောင်

ချစ်နေခဲ့ရဖူးတယ် ။


တစ်ချို့ စိတ်ကူးတွေက တကယ်မရှိဘူး

ဆက်သီနေခဲ့ရတဲ့ အထုံးတွေ ပြေလျော့သွားဖို့

သက်သက်

ငါ့လက်ချောင်းတွေ ဖွာလန်ဆုတ်ပြဲကုန်တဲ့အထိ

နံရံတွေကို ကုတ်ခြစ်ပစ်လိုက်ရတာ

လူဆိုတာ တစ်ခေတ်မှာတစ်ခါတော့

နစ်နစ်နာနာ သည်းခံနိုင်စွမ်း 

မြှင့်တင်နေလိုက်လို့ရရဲ့ မဟုတ်လား

ငါဆိုတာက ကိုယ့်တရားနဲ့ကိုယ် နေခဲ့သူမို့ 

တစ်ချို့သူတွေလို ယဉ်ကျေးမပြချင်တော့ဘူး ။


ပြည့်စုံခြင်းကိုပဲ 

လက်ခုပ်တီးပြီး အမြဲအားပေးနေခဲ့ပါ၊ 

ပြီးတော့မှ 

တစ်မိနစ်လောက်တောင် 

စိတ်လွတ်ကိုယ်လွတ်မရှိတဲ့

ငါ့ရပ်တည်မှု့ကို မင်း ရယ်(ရီ) ပစ်လိုက်၊

မင်း ရီ(ရယ်) ပစ်လိုက်ရင်

အိမ်မက်တွေဟာ အဆိပ်ရှိမှန်း 

ငါတကယ်သိလိုက်ရမှာ အသေအချာပဲ

မမြဲချင်းတရားမှာ ဖက်တွယ်မထားသင့်တာ

ရှင်သန်ခြင်းလည်း ပါ၀င်နေခဲ့ပါသေးတယ်ကလေး ။


ငါဟာ လူတန်းစေ့ဆိုတဲ့ အခြေအနေတစ်ခုကနေ

တွန်းထိုးတိုက်ချခံခဲ့ရတဲ့သူပါ၊

အကုသိုလ်ဟာ ကုသိုလ်ထက် 'အ' တစ်လုံးပဲ 

အပိုပါလာခဲ့တာကလွဲလို့ ကျန်တာ သိပ်တော့မကွာဘူး၊

အကြောင်းအရာက 

မင်းကိုငါ ချစ်တယ် , မချစ်ဘူး ဆိုတာလိုမျိုးပဲ၊

ငါဟာ အဲ့ဒီ စိတ်ပျက်စရာကောင်းတဲ့ 

အတွေးတွေနဲ့ တမြေ့မြေ့ပူဆွေးရင်း 

ကိုယ့်ကိုကိုယ် ဆုတ်ဖြဲဝါးမြို နေခဲ့မိတယ် ။


အရာအားလုံးဟာ မနေ့က 

ငါမလိုချင်ခဲ့တဲ့ အစိတ်အပိုင်းတွေချည်းပါပဲ၊

နာမည်တစ်ခုကြောင့် နွေးမြနေခဲ့ရပြီး

အဲ့ဒီနာမည်တစ်ခုကြောင့်ပဲ အေးစက်ထုံကျဉ်သွားခဲ့ရတယ် ဆိုတဲ့အကြောင်းအရာတွေ၊

ဒီတော့ မင်းရော ,  ဖြတ်သွားဖြတ်လာ 

ကြင်နာမှုတွေကြား ယဉ်ပါးနေခဲ့ရတာကို ပျော်ရဲ့လား၊

ငါကတော့ ဖြေသူမရှိတဲ့ မေးခွန်းတွေနဲ့ 

ကိုယ့်အရေပြားကိုယ် တစ်စချင်း ကိုက်ခွာနေခဲ့မိတယ် ။


တစ်ချို့လွဲချော်မှုတွေဟာ 

သိပ်ကို ကြောက်စရာကောင်းတာပဲ၊

ချစ်ခြင်းမေတ္တာလို့ပြောလိုက်ရင် 

အကြားအာရုံတွေ ပျောက်ရှကုန်ခဲ့တဲ့ မင်းဟာ

အတိတ်နဲ့ပစ္စုပ္ပါန်ရဲ့ အကြားက ပြေးလမ်းကလေးမှာတင် 

ငါနဲ့ အကြိမ်ကြိမ် လွဲချော်နေရတုန်းပဲ၊

ငါ့ ဆုတောင်းတွေကိုလည်း 

ဆုတောင်းချည်းသက်သက်ပဲ တောင်းလိုက်ပါတော့မယ် , 

ဆိုလိုတာက ပြည့်ပြည့် မပြည့်ပြည့် 

တောင်းဆုတွေကိုငါက မယုံကြည်နိုင်တော့တာပဲ

အခု ငါရောက်နေခဲ့တာ 

ဆောင်းအတု တစ်နေရာရာမှာမို့ 

တောင်းဆုတွေ ခြွေမနေတော့တာ , 

စကားမစပ် ဒီ ကဗျာကိုလည်း စိတ်လွတ်ကိုယ်လွတ်ကြီး မဖတ်နဲ့၊

ငါ နစ်နာခဲ့ရသမျှ ငါ့ အတွက်

ငါ ရေးထားတဲ့ စာသားတွေကလည်း 

မင်းအတွက်ဆို ကောင်းချင်မှ ကောင်းလိမ့်မယ် ။


- Chucky