_ စာသင်ခုံနောက်ဆုံးတန်းက ကောင်တွေ _
စာသင်ခုံနောက်ဆုံးတန်းက ကောင်တွေရဲ့အကြောင်းထဲမှာ တိတ်ဆိတ်မှုကို ရာခိုင်နှုန်းတော်တော်များများ ထည့်ရလိမ့်မယ် ဘယ်တိုင်းပြည်ရဲ့ဘယ်စာသင်ခန်းမှာ မဆို စာသင်ခုံနောက်ဆုံးတန်းက ကောင်တွေ ရှိကြတယ် ဆရာကို အဝေးဆုံးကနေ လှမ်းကြည့်သလိုမျိုး white board မှာရေးထားတဲ့ သင်ခန်းစာကို အဝေးဆုံးကနေ လှမ်းကြည့်ကြသလိုမျိုး ဟောဒီ အစစ်အမှန်လောကလို့ ထင်မှတ်မှားနေတဲ့ ရှင်သန်မှုကြီးကိုလည်း သူတို့ဟာ အဝေးက ကြည့်တတ်တယ် ဘယ်အကြောင်းအရာမဆို အငြင်းပွားစရာရှိနိုင်ပေမယ့် စာသင်ခုံနောက်ဆုံးကောင်တွေရဲ့ရယ်မောသံကြီးတွေကို "သိမ်ငယ်ခြင်းကင်းတဲ့ရနံ့" လို့ သတ်မှတ်ရင် အားလုံး နားလည်ကြလိမ့်မယ် အဲဒီလို အကြိုက်ဆုံးဘာသာရပ်က ဘာလဲ လို့ စာသင်ခုံနောက်ဆုံးတန်းက ကောင်တွေကို မေးမိရင် "နေ့လည်ဘက်ဆို ခေါင်းအုံးတစ်လုံးရယ် ၊ အိပ်ရာခင်းရယ်နဲ့ စောင်တစ်ထည်ရယ် ၊ ညဘက်ဆိုရင်လည်း ခေါင်းအုံးတစ်လုံးရယ် ၊ အိပ်ရာခင်းရယ်နဲ့ စောင်တစ်ထည်ရယ်ပဲ" လို့ သူတို့ ဖြေပါလိမ့်မယ် သိပ်ကောင်းတာပေါ့ "ဘ၀တွင် ပျော်ရွှင်သော နေ့ရက်များသည် ကျောင်းပိတ်ချိန်တွင် ငါးမျှားခြင်းဖြစ်၏" လို့ စာစီစာကုံးတွေထဲမှာ ထည့်ရေးတတ်တာကလည်း စာသင်ခုံနောက်ဆုံးတန်းကကောင်တွေထဲက တစ်ကောင်ပဲလေ ဟိုမိုဆေးပီးရန်းတွေ ဆင့်ကဲဖြစ်လာသလိုမျိုးပဲ စာသင်ခုံနောက်တန်းကကောင်တွေဟာလည်း ရှေ့မျိုးဆက်မှ နောက်မျိုးဆက်အထိ ဆင့်ကဲဖြစ်လာကြတယ် သူတို့ရဲ့သမိုင်းအထောက်အထားအရ "လမ်းပေါ်မှာ ပျော်ခြင်း"ဟာ သူတို့တံဆိပ်၊ သူတို့အလံ၊ သူတို့အသံပေါ့
စာသင်ခုံနောက်ဆုံးတန်းကကောင်တွေထဲမှာ ဓာတု၊ရူပ၊ဇီ၀ စတဲ့ကျောင်းသင်ခန်းစာတွေ အကြောင်း ပြောတတ်တဲ့ကောင်ရှားပြီး ချေဂွေဗားရား၊ဟိုချီမင်း၊ဂျိုဆေးရီဇော်၊မာယာကော့စကီးနဲ့ဆာ့တ်အကြောင်းပြောတဲ့ကောင်တွေ များတတ်တယ် စီးကရက်တစ်လိပ်ကို သုံးယောက်မျှသောက်တဲ့ကောင်တွေလည်း သူတို့ပဲ ၊ တစ်ကမ္ဘာလုံးကို သုံးယောက်တည်းနဲ့ ကယ်တင်နိုင်တယ် ထင်တာလည်း သူတို့ပဲ တကယ်တော့လေ စာသင်ခုံနောက်ဆုံးတန်းကကောင်တွေကို ဖယ်ကြည့်လိုက်ရင် စာသင်ခန်းတစ်ခန်းရဲ့အောင်မြင်မှုဆိုတာ ဘာမှ မရှိ ၊ ဆရာကို အဝေးဆုံးကနေ လှမ်းကြည့်သလိုမျိုး white board မှာရေးထားတဲ့ သင်ခန်းစာကို အဝေးဆုံးကနေ လှမ်းကြည့်ကြသလိုမျိုး ဟောဒီလောကရဲ့စစ်မှန်ပါတယ် ဆိုတဲ့အရာတွေကို သံသယနဲ့ ကြည့်နေကြတဲ့ ဘ၀ရဲ့စာသင်ခုံနောက်ဆုံးတန်းက ကောင်တွေ ရှိကြတယ် ။ ။
_မောင်ရေချမ်း
.jpg)
4 Comments
လမ်းပေါ်ပျော်ခြင်းဟာ
ReplyDeleteသူတို့တံဆိပ် သူတို့အလံ သူတို့အသံ
ဟောဒီလောကရဲ့စစ်မှန်ပါတယ် ဆိုတဲ့အရာတွေကို သံသယနဲ့ ကြည့်နေကြတဲ့ ဘ၀ရဲ့စာသင်ခုံနောက်ဆုံးတန်းက ကောင်တွေ ရှိကြတယ် ။
ReplyDelete#မောင်ရေချမ်
စာသင်ခုံ နောက်ဆုံးတန်းက ကောင်တွေ
ReplyDelete❤❤❤
ReplyDelete