ကောင်လေး... ရေ


မြန်မာစာပေကို အရသာမခံတတ်ဘဲ

မြန်မာစာပေကို ဖန်တီးချင်တဲ့ ကောင်လေး

ရွှေဥဒေါင်းနဲ့ သော်တာဆွေတောင် မဖတ်ဖူးဘဲ

ဝတ္ထုရေးနေတဲ့ ကောင်လေး

ဟာရိုးရော်ဘင်ဝတ္ထု ဘာသာပြန်တောင် မဖတ်ဖူးဘဲ

ဝတ္ထုရေးနေတဲ့ ကောင်လေး

တေဇနဲ့ ရွှေသွေးလောက် ဖတ်ပြီး

ကဗျာရေးလို ရပြီထင်နေတဲ့ ကောင်လေး

မင်းအတွက် ငါ ရင်လေးတယ်

မော်ဒန်တွေ ပိုစ်မော်ဒန်တွေ အသာထား

အနုပညာမြောက်တာတွေ မမြောက်တာတွေ အသာထား

မင်းစာအုပ်တွေ လူတွေကကော ဖတ်ကြရဲ့လား ကောင်လေး

မင်းစာအုပ်တွေ စာကြည့်တိုက်ရောက်ဖို နေနေ

စာအုပ်အငှားဆိုင်ကတောင် လက်မခံတဲ့ကောင်လေး

မင်းဘဝကို မင်း နားလည်သင့်တယ်

ဟိုပွဲတက် ဒီပွဲတက် 

လျှပ်စီးလက်နေတာ အနုပညာ မဟုတ်ဘူး

မိုးကြိုးပစ်ချသလို အနုပညာကို

သံသရာမှာ ကျင်လည်နေသရွေ့

မင်း တွေ့မှာမဟုတ်ဘူး ကောင်လေး

ကဗျာရေးပြီး ဆယ်လီဘရစ်တီဖြစ်ချင်လို မရဘူး ကောင်လေး

ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲမှာ

ဓာတ်ပုံတွေ အင်တာဗျူးတွေ ခဏခဏ ပါတိုင်း

အောင်မြင်တဲ့ စာရေးဆရာ မဟုတ်ဘူး ကောင်လေး

ဝတ္ထုစာအုပ်တွေ အုပ်နှစ်ဆယ် အုပ်သုံးဆယ်

ရေးထုတ်ပြီး

စာရေးဆရာ ဟုတ်ပြီကွလို ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့ ကောင်လေး

မင်း ပရိတ်သတ်ဆိုလို

ရူးပေါပေါ ကောင်မလေး တစ်ယောက် နှစ်ယောက်ပဲ

ငါ တွေ့ဖူးတယ် ကောင်လေး

မင်း ကြားဖူးမလား မသိဘူး

အဲရစ်ကလက်ပ်တန်ဆို သားတစ်ယောက်လုံး သေပြီးမှ

သီချင်းတစ်ပုဒ်ပဲ ပြန်ရတယ် ကောင်လေး

အနုပညာဆိုတာ ငွေနဲ့တိုင်းထွာလို မရဘူး ကောင်လေး

ကဗျာဆိုတာ ဘယ်နိုင်ငံမှာမှ စျေးကွက်မဝင်ဘူး ကောင်လေး

လာသေးတယ် မင်းက မြန်မာစာပေအနာဂတ်ကို

စိတ်မချဘူးတဲ့

အဲဒီလောက် မစိုးရိမ်ပါနဲ့ ကောင်လေး

ငါ တစ်ခါက ရေးခဲ့သလိုပါပဲ

သမိုင်းရဲ့ကန်ချက်မှာ

တိုင်ထိပြီး ပြန်ထွက်လာတာ တစ်ခါမှမရှိပါဘူး

ကောင်လေး

မင်းလို ကောင်လေးတစ်ယောက်အတွက်

မင်းတိုမျိုးဆက်ကို အထင်မသေးရက်ပါဘူး ကောင်လေး

မင်းရှေ့က ငါတိုမျိုးဆက်က

ဝက်သားနဲ့ ချဥ်ပေါင်ကို လဲခဲ့တဲ့ မျိုးဆက်ကွ ကောင်လေး

ငါတိုမျိုးဆက်က ဘဝပျက်ရတယ် ကောင်လေး

ငါတိုမျိုးဆက်က အသက်နဲ့ရင်းရတယ် ကောင်လေး   ။


#လှသန်း

၂၀၀၉ ။