နူးညံ့တဲ့အဖေ


အဖေက တအားနူးညံ့တယ်။

ခွက်ကလေးတွေကိုခက်ခက်ခဲခဲဆင့်ပြီးတည်ဆောက်ထားတဲ့အထပ်မြင့်အဆောက်အအုံကြီးလိုပဲ

ထိလိုက်တာနဲ့ ပြိုကျသွားနိုင်တယ်။

အဖေက တအားနူးညံ့တယ်။

ရုတ်တရက်ကျွံကျသွားနိုင်တဲ့ မြေသားနုနုတွေလိုပဲ

ငါတို့‌ဟာ အဖေ့မျက်နှာထဲကျွံမကျမိအောင်ဂရုစိုက်နေရ။

အဖေဟာ  မြေလွှာထဲကထိုးထွက်လာတဲ့မှိုပွင့်လို

အဖေဟာ ဆတ်ဆတ်ထိမခံတဲ့ မွေးနေ့ကိတ်ပေါ်ကပန်းလို

အဖေဟာ မိုးပေါ်ကတရကြမ်းကျလာတဲ့ မိုးသီးတွေလိုပဲ။

အဖေက တအားနူးညံ့တယ်။

အဖေ့နူးညံ့မှုကို ငါတို့စမ်းကြည့်လို့မရဘူး။

အမေက မာတယ်။

ငါတို့က မာတယ်။

အဖေတစ်ယောက်တည်း ကွက်ပြီးနူးညံ့နေတာ။

နူးညံ့မှုဟာ ပျင်းစရာသိပ်ကောင်းတယ်။

တစ်အိမ်လုံးတိတ်ဆိတ်နေပြီဆိုရင်

အဖေနူးညံ့နေပြီဆိုတာ သိလိုက်တော့။


နစ်ခ်