မင်းကိုသတိရတယ် ဒါပေမယ့် အဲ့အကြောင်း ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်
အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။ နွေရက်တွေမှာ တစ်ယောက်တည်း လူးလိမ့်ရင်း၊ မိုးရက်တွေမှာ စိုထိုင်းအုံ့မှိုင်းရင်း ၊ ဒီဇင်ဘာရောက်ရင် အေးစိမ့်မှုကို မျှော်လင့်ရင်းပေါ့။ သီချင်းတပိုင်းတစနဲ့ပဲဖြစ်ဖြစ် ရေမွှေးနံ့လေးကြောင့်ပဲဖြစ်ဖြစ် အရာအားလုံးပြန်မြင်ရဖို့ အရာဝတ္ထုသေးသေးလေးတွေကိုပဲ တကယ်တမ်းလိုအပ်ပါတယ်။ နေ့စဉ်ဘဝမှာ မင်းလိုပဲ လူတွေဟာ ဝင်ထွက်သွားလာနေမှာပေါ့။ပြီးတော့ မင်းရယ်သံတွေမှာ ငါတစ်ယောက်တော့ ပါဝင်ခြင်းမရှိတော့ဘူးပေါ့။
ဆူညံနေတဲ့မြို့လယ်ခေါင်က ကားတွေလူတွေကို အကြောင်းပြချက်မရှိငေးရင်း မင်းအကြောင်း တွေးမိချင် တွေးမိနိုင်ပါတယ်။ မင်းအကြောင်းကို ရှောင်ချင်ရင် ရန်ကုန်မြို့ကိုပါ ငါရှောင်ပစ်မှရမယ်။လက်ဖက်ရည်ဆိုင် စားပွဲခုံတွေပေါ်မှာ ထားခဲ့တဲ့ တစ်ရှူးစတွေလိုမျိူး ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက် လိုအပ်ရုံသာ လိုအပ်ခဲ့ပုံပဲ။ကော်ဖီတွေအေးသွားတာ ဘယ်လောက်ကြာပြီလဲဆိုတာကို ခဏခဏစဉ်းစားနေမိတယ်။ဘာ့ကြောင့်အေးသွားလဲဆိုတာကိုတော့ အလိုလိုနားလည်ရင်းနဲ့လေ။အာကာသထဲက အစိတ်အပိုင်းတွေ လွင့်မျောနေတာမှန်းသိနေပြီးပေမယ့်လည်း ကြယ်ကြွေနေတာတွေ့ရင် ဆုတောင်းချင်နေတဲ့ စိတ်လိုမျိုးပဲ။မင်းမပါပဲ နေရခြင်းဟာ အသားကျဖို့ လွယ်တယ်တော့မဟုတ်ဖူး။ မဖြစ်နိုင်တာတွေ ဖြစ်နိုင်တာတွေ ၊ ချစ်ခြင်း မုန်းခြင်းတွေ စတဲ့ လူ့လောကရဲ့ ရှုပ်ထွေးတဲ့ စကားလုံးတွေကြားမှာ ရိုးရိုးသားသား ငါမင်းကိုသာ လိုချင်ခဲ့တာ ဝန်ခံပါတယ်။ဒါပေမယ့် သံယောဇဉ်ဟာ ဆွဲဆန့်လို့ရတဲ့ အရာဝတ္ထမဟုတ်လို့ ငါမင်းကို နှုတ်ဆက်ဖို့ပဲ ရွေးခဲ့တာပေါ့။
လူတွေဘာလို့ ခွေးတွေကိုချစ်လဲဆိုတော့ ခွေးတွေက သူတို့စကားနားထောင်ပြီး ကျွန်လို နေထိုင်ပေးကြလို့တဲ့။နေ့စဉ်ဘဝရဲ့ ဟာနေတဲ့ကွက်လပ်တစ်ခုကို ချစ်ခြင်းတစ်ခုပေါင်းပြီး ဖြည့်စွက်ခြင်းပေါ့လေ။ ငါကတော့ ပွတ်သီးပွတ်သပ်မနေတတ်တဲ့ ကြောင်မလေးကိုပဲ သတိရနေမယ်။ သရုပ်ဆောင်ကောင်းလွန်းတဲ့လူတွေကြားထဲ အသံသေးသေးလေးနဲ့ ကြွတ်ဆတ်ဆတ် စကားပြောပုံ ၊ စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်ပုံတွေဟာ မင်းရဲ့သင်္ကေတလေ။ အဲ့ဒီ ရိုးသားမှုနဲ့ပဲ မင်းအမြဲပျော်ရွှင်နေမယ့်အကြောင်း ငါစိတ်ချခဲ့တာ။ ဒါက ထွက်သွားတာတွေ နေခဲ့တာတွေမဟုတ်ဖူး။ တစ်ယောက်ဘဝထဲ တစ်ယောက် မရှိကြတော့ရုံပဲ။ ဒါက ဘဝရဲ့အစိတ်အပိုင်းတစ်ခုလေးပဲမှတ်လား။
အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။မင်းရဲ့မျက်နှာကို ငါ့စိတ်အာရုံထဲမှာ ဖော်ကြည့်ဖို့တောင်ခက်ခဲလာမယ်။ မင်းဖုန်းနံပါတ်ကို ငါအလွတ်မရနိုင်တော့ဘူး။ မင်းအသံနဲ့တူတဲ့အသံကြားရရင် ငါလှည့်မကြည့်ဖြစ်တော့ဘူး။ ကောင်းကင်တစ်ခုတည်းအောက် အတူတူရှိနေတယ်ဆိုတာကလွဲလို့ ငါတို့ဆုံစရာအကြောင်းတွေ ငါရှာမနေတော့ဘူး။နောက်ဆုံးတော့ အေးနေတဲ့ကော်ဖီကို ကြိတ်မှိတ်မျိုချပြီး အိပ်ယာပေါ်လှဲချလိုက်မယ်။မာနတစ်ခုအတွက် ဆုံးရှုံးစရာတွေအများကြီးပေါ့။ငါမင်းကိုသတိရပါတယ်။ဒါပေမယ့် အဲ့အကြောင်း ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်။
#ဆပ်ရိပ်

5 Comments
မင်းကိုသတိရပါတယ်.....ဒါပေမယ့်..........
ReplyDeleteရှိနေတာတောင်သတိရနေတာ💔ငါတို့ကနောက်တစ်ယောက်ကိုထပ်မချစ်ရဲတာ😔နာကျင်နေတာတောင်လက်မလွှတ်ရဲတော့တာ💔😔
ReplyDeleteမင်းကို သတိရတယ်
ReplyDeleteဒါပေမယ့်
နေတတ်အောင်တော့နေရတော့မယ်
နေနိုင်သွားတာထက် မင်းမရှိဘဲနေတက်နေပါပြီ
DeleteI like this poem.
ReplyDelete