- ဘယ်သူကိုယ့်လောက်ချစ်သလဲ -

ဖြူဖြူကျော်သိန်းအကြောင်း ဘယ်သူက ဂရုစိုက်နေမှာလဲ

ငါ့ပြဿနာက အိမ်ကြမ်းခင်းတွေ မီးအလင်းရောင်ကြောင့် ရူးသွပ်သွားမှာကို ကြောက်တာ

စစ်တုရင်ခုံကို ဖြန့်ခင်းပြီး မင်းရှိတဲ့အကွက်ဆီ အယ်လ်ကီးနဲ့ ရုတ်တရက် ဖြတ်မောင်းထွက်သွားမိမှာ 

သေချာတွေးကြည့်ရင် စာအုပ်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်စားသောက်ခဲ့တုန်းကတောင်မှ 
မင်းနဲ့ တူတဲ့ အရသာမျိုး တစိမှ ငါ မရ

အခုဆို နေထွက်ပုံကအစ တစိမ့်စိမ့် ကြည်နူးနေရတယ်

ဒါပေမဲ့ အဲဒီကိစ္စကို ဆူရီရယ်လ်ဆန်ချင်နေတဲ့ ရွှေငါးလို့ 
မင်းကို ချစ်ကြောင်း တဖွဖွ ပြောနေချိန်ကြီးထဲ ချရေးလိုက်ရမှာတော့ ပျင်းစရာကောင်းနေတုန်းပဲ

'မင်းရဲ့ လူပျိုဘဝ ရှည်ကြာလေလေ မင်းရဲ့ အနာဂတ် အိမ်ထောင်ရှင်မလောင်းကို သူတို့က ပိုပိုဖက်ခ်လေ' ဆိုတဲ့ စာကြောင်းလောက်တောင် စိတ်လှုပ်ရှားစရာ မကောင်း

သင်းတို့အားလုံးရဲ့ ဦးခေါင်းခွံတွေကို ငါ ဖွင့်ကြည့်တော့
တချို့က ခေတ်အဆက်ဆက် ငလျင်ဒဏ်ခံ အဆောက်အအုံတွေလို
နေ့စဉ်နေ့တိုင်း သူတို့ရဲ့ တန်းတွေ ယက်မတွေ ထောက်တိုင်တွေကို မီးပူဇော်လို့ 

တချို့တွေကကျ ဒုတိယတန်းစား ကြောင်ချေးရဲ့ နူးညံ့မှုမျိုးနဲ့

ဝေဖြိုးအေးရဲ့ ကဗျာတစ်ပုဒ်ထဲကလို 
ငါလိုးမသားတွေနဲ့ အမြဲ သေနေမယ့် ကောင်စားတွေ

အိုခေ
ဘာပဲဖြစ်ဖြစ် လျှို့ ဝှက်ထားတဲ့အရာတစ်ခုခုတော့ ငါ့မှာ အမြဲရှိနေ

အဲဒါဟာ နှင်းတွေနဲ့ အတူရောပါလာမယ့် အနွေးဓာတ်

ဒါမှမဟုတ် ဘုရားနဲ့ အချီအချ စကားပြောနေတုန်း
မင့်နှလုံးအိမ်ကို ချုံအကွယ်ကနေ ဖျစ်ညှစ်ဆုပ်ကိုင်ထားမယ့် ငါ့ရဲ့ ရိုင်းစိုင်းမာရ်နတ်တွေ။

- ဆစ်ခ် -
(နိုဝင်ဘာ၊ ၂၀၁၈)