ကဗျာဖတ်ရင်းလှူ logo

“ဂူတာပြင်” 

ငါတို့လည်း 

ပျူ ၊သက်၊ကမ်းယံက 

နှောလာတဲ့ သွေးနှောတွေပဲ 

သာကီသွေးဆိုတဲ့ ဒီအန်အေက 

မင်းတို့ရဲ့ အရူးထမှုကို 

လျှာထုတ်ပြလိမ့်မယ်…။ 

လူသားမျိုးနွယ်စု တခုဟာ 

လူ့တန်ဖိုးသိမ်ဖျင်းသွားလောက်တဲ့အထိအောင် 

ယဉ်ကျေးတဲ့ ကမ္ဘာမှာ ရှိသင့်တော့လို့လား…။ 

တိရိစ္ဆာန်လို 

ခြံခတ်ပိတ်ဆို့ထားခံရတဲ့ 

လူသားမျိုးနွယ်စု တခုဟာ… 

လူသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေ 

တားမြစ်ထိန်းချုပ်ခံထားရတဲ့ လူသားမျိုးနွယ်စုဟာ… 

လူနဲ့လူချင်းကို ဘုရားသခင်ရဲ့ အခွင့်ထူးခံလူသားတွေအဖြစ် 

အားကျငေးမောရင်းသာ မျှော်ကြည့်နေရတဲ့ လူသားမျိုးနွယ်စုဟာ… 

ရှိနေသေးတယ်ဆိုရုံနဲ့ 

လူသားဆန်တဲ့ အခြားကမ္ဘာသားတွေမှာ 

တာဝန်ရှိသွားပြီ…။ 

ဂူတာပြင်မှာ 

အင်းဒင်မှာ 

အခြား ကမ္ဘာ့ တနေရာရာမှာ 

မျိုးနွယ်စုတခုခုကို ရည်ရွယ်ပြီးသတ်ဖြတ်နေတဲ့ 

ဂျီနိုဆိုက်တွေ ရှိနေရဲ့…။ 

အတုံးအရုံး သေဆုံးသွားရတဲ့ 

ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုတွေ 

ဘယ်လိုပြစ်မှုမျိုးနဲ့ သေဆုံးသွားရတယ် 

သိလိမ့်မယ်မဟုတ်ဘူး 

ဘုရားသခင်နဲ့တွေ့ရင် မေးကြလိမ့်မယ် 

ကျွန်ုပ်တို့ အခုဆိုရင် 

ငရဲက လွတ်မြောက်ကြပြီမဟုတ်လား တဲ့…။ ။ 

-ခက်သီ-