ဘုရားသခင်ရဲ့မွေးနေ့မှာ
ဖုန်ပေနေတဲ့ ကျောက်စိမ်းနားကပ်လေးတစ်ဖက်
ကျန်ခဲ့တယ်
ခု နှစ်သစ်ကူးပြီ
မင်းအလောင်းကို ပြန်တူးရင်
ရွဲ့စောင်းနေတဲ့ အူတွေက
ဖက်ဒရယ်ဒီမိုကရေစီဟဲ့လို့ ထမြည်ပြီး
ဟ သွားတဲ့ မင်းမေးရိုးက
ဒေါနတောင်ရိုးကို ရိုက်ချိုးလိမ့်မယ်
မင်းမှာဘာကျန်ခဲ့လဲ
နှင်းရိုင်းတွေ
ဘယ်လောက်အေးအေး
မင်းအင်္ကျီခရမ်းပြာကွက်လောက် မနွေးနိုင်ဘူး
ဘယ်သူသိနိုင်မလဲ
ရော်ဘာရွက်ခြောက်တောအောက်
နတ်သားတစ်ပါးလို မင်းတောက်ပသွားခဲ့ရပုံ
ဘယ်သူသိနိုင်မလဲ
တောသုဿန်လေးထဲ
ငါ့ခေါင်းစည်းကြိုးလေး ချိတ်ခဲ့ရပုံ
ဘယ်သူသိနိုင်မလဲ
ငါ အနေအထိုင်ခက်ရပုံ
မင်းမှာဘာကျန်ခဲ့လဲ
ဒါ ကဗျာဆရာ
ခင်ဗျားတို့အမိန့်ပြန်စရာမလိုဘူးလို့
စိုးရကပြောတော့
အားလုံးက အလေးပြုခဲ့ကြ
မင်းမှာဘာကျန်ခဲ့လဲ
ကျွန်းတောအိုလေးဟာ သက်ပြင်းချ
သောင်ရင်းမြစ်ကို ဖြတ်ကျနေတဲ့ နေရောင်ထဲ
ငါတို့ မင်းကို ထားခဲ့ရတယ်
ကံတရားပဲဆိုပါစို့တဲ့
ဆံပင်ပွပွလေးလေးနဲ့
မရိတ်သင်ရသေးတဲ့ မုတ်ဆိတ်ကျင်စွယ်လေးလို
ငါတို့နိုင်ငံတော်
မင်းမှာဘာကျန်ခဲ့လဲ
မင်းခြေရင်းကျွန်းပင်မှာ
ဓါးနဲ့နက်နက်ခုတ်
ငါတို့ ကဗျာတစ်ပုဒ်ထားခဲ့တယ်။
-Aမွန်
31.12.2021

3 Comments
❤
ReplyDeleteAppreciate.
ReplyDeleteဘာမှ ကျန်ခဲ့ဘူး
ReplyDeleteနောက်ဆုံးတော့လဲ အားလုံးက ထားသွားကြမှာပဲ