20-Second Timer
Time remaining: 20

 


ကျနော်က ခင်ဗျားကို ချစ်တယ် ပြောတဲ့အချိန် 

__


ခင်ဗျား မကြားဘူးနော်

ကျနော့်အသံက မိုးချုန်းသံတွေကြား

အပ်ကလေးတစ်စင်း ကြမ်းပြင်ပေါ်

ပြုတ်ကျသွားသလိုဖြစ်နေခဲ့တာ

ခေတ်မကောင်းပါဘူးဆိုမှ

ကျနော်က အချစ်အကြောင်းပြောရဲသေးတယ် 

"ခင်ဗျား လက်ချောင်းလေးတွေက သိပ်လှတာပဲ" 

လို ကျနော်ပြောတော့ ခင်ဗျားက

"အလောင်းတွေတောင် ပြန်မရသေးဘူး သိလား" ဆိုပြီး မေးတယ်

ကျနော်က "ခင်ဗျား ပြုံးရင် သိပ်လှတာပဲ" ဆိုတော့

ခင်ဗျားက ငိုနေတဲ့ကလေးတွေနဲ့

အဘိုးအဘွားတွေရဲ့မျက်ရည်တွေအကြောင်း တွေးနေခဲ့တယ် 

ကျနော်က ခင်ဗျားကို ရင်ခုန်နေတဲ့အချိန်

ခင်ဗျားက သူတိုအတွက် ရင်တွေ ကွဲလို

"မိုးလင်းတိုင်း ခင်ဗျား ငြိမ်းချမ်းပေါ့ပါးပါစေ" 

ဆိုတော့ ခင်ဗျား စိတ်နှလုံးထဲမှာ 

ရွာတွေနဲ့အတူ မီးလောင်နေတယ်

"ခင်ဗျားနဲ့အတူတူ ထမင်းစားပါရစေ"ဆိုတော့

ခင်ဗျား ပြောတယ်

"သူတိုတွေရဲ့ ရိက္ခာလမ်းကြောင်းတွေ 

အဖြတ်ခံထားရတယ်"တဲ့ 

ကျနော်က "ခင်ဗျား နေကောင်းပါစေ" လို

ဆုတောင်းစကားလေးပိုမိတော့

"သေတဲ့သူတွေ သေကုန်ပါပြီ" တဲ့

ကျနော်က ခင်ဗျားကို ပျော်စေချင်တဲ့အချိန်

ခင်ဗျားက တတိုင်းပြည်လုံးကို အငိုတိတ်စေချင်

ကျနော်က ခင်ဗျားကို ချစ်တယ် ပြောတဲ့အချိန်

ခင်ဗျား ခွေးမိစ္ဆာတွေကို မုန်းနေခဲ့တယ်

ခင်ဗျား မကြားဘူးနော်

ကျနော့်အသံက စစ်ဖြစ်နေတဲ့ကြားက

"အချစ်ရေ . ."လို နာကျင်စွာ အော်နေမိတာ ။ ။


-မောင်ရေချမ်း