20-Second Timer
Time remaining: 20


ရာသီဥတု


အေးစက်နေပြီလားလို ကိုယ်လက်ကိုဖမ်းဆုပ်မိတဲ့အချိန်တွေဟာ 

ကြာလာလေကြောက်စရာကောင်းလာလေလေ

ဒါနဲ့ မင်းရော ငါမရှိတဲ့အရပ်ဒေသမှာ 

မင်းဆံပင်တွေကိုသပ်လိုက် စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ်သောက်လိုက်နဲ့ 

မင်းလုပ်နေကျပုံစံအတိုင်း လုပ်နေတုန်းပဲမဟုတ်လား 


ဒီနှစ်ဆောင်းတွင်းက 

အပြင်မှာသိပ်မအေးပေမယ့် 

သူတိုရေးရေးနေတဲ့ စာတွေကဗျာတွေထဲမှာတော့ အတော်အေးနေပေါ့ 

ငါကလဲ ချမ်းလို တုန်ရီနေပေါ့

ငါ့ စာသရဲမလေးရေ 

မင်းရဲ့မျက်လုံးတွေကို ဂရုစိုက်ကွယ် 

စောက်ပေါစာတွေ သိပ်မဖတ်စမ်းနဲ့ 


ဝတ်ထားတဲ့ အနွေးဟာ ထူလား ပါးလား

 ညတွေမှာ ခြုံအိပ်ရမယ့်စောင်ကရော တစ်ထည်လား နှစ်ထည်လား 

သူတိုကရော မင်းအတွက် နွေးပေးပါ့မယ်လို ကတိကဝတ်ပြုထားရဲ့လား

ရေနွေးတွေရော အဆင်သင့်ရှိလား 

မီးတွေပြတ်နေလား 

ကြယ်တွေကြွေလား 

စသဖြင့် ... 


အဲ့ဒိလို ချစ်စရာတွေကို တခါတလေမှ ထ ထ ချစ်နေရတာ ရှက်တယ် 

ခဏခဏ ချစ်နေပြရတာကိုလဲ ရှက်နေပြန်တယ် 

ငါဟာ ရေတက်ငါးစင်ရိုင်းလို ကုန်းမြင့်ပေါ်မှာ 

တဖျက်ဖျက် 

အစစအရာရာဆိုတာ ရင်ထဲက ဖွင့်လိုက်တဲ့တံခါးပဲ 

မင်းကြည့်တတ်မယ်ဆိုရင် ငါ့ရင်ဘတ်ရဲ့ ဟိုးအနောက်က ပျော်စရာတွေကို ထုတ်ချင်းပေါက်မြင်ရမှာပေါ့ 


မင်းကတော့ တညှောင်ညှောင်အော်နေတဲ့ ကြောင်လေးလို 

ချစ်လည်းချစ် ခြစ်လဲခြစ် 

ငါကလည်း အဲဒိကုတ်ခြစ်ရာတွေကို ပြန်ချစ် 

ရှုပ်နေတာပဲ ။ 


လိုအပ်သည်များကို မှာကြားသွားပါတယ်ဆိုတဲ့ သတင်းခေတ်မဟုတ်တော့ 

ငါက ငါ့အတွက်နွေးထွေးလာစရာရှိတဲ့ အကြောင်းအရာများကို ရှာတယ် 

ညပေါင်းများစွာ 


ထွေးလျားရစ်ခွေနေသော လူ့သဘောသဘာဝကနေ ခွဲထွက်ပြီး 

လက်ဖဝါးနွေးနွေးလေးကို လက်ကမ်းပေးနေမိ 

ငါ့ ချစ်သောသူလေးရဲ့ လက်ဟာ နွေးနေပါရဲ့လား? 


အကြောက်တရားတွေကို ကြောက်ပြီး လက်ခါပြနေရင်လည်း ဘားမှထူးခြားလာမှာမဟုတ်

တကယ်ကျလာမယ့်နှင်းတွေက တကယ်ကျလာဖိုပဲရှိတယ် 

ဆိုတော့ ငါတိုဟာ ဒီဆောင်းတွင်းထဲမှာ ခိုက်ခိုက်တုန်းရီပြီး တစ်ယောက်ကိုတစ်ယောက် ဆာလောင်နေကြ 


ကျန်းမာရေးဂရုစိုက်ပါ

ငါ ဒါပဲပြောချင်တယ် 


မင်းဟာ ငါရဲ့စိတ် ၏ချမ်းသာခြင်း

ကိုယ် ၏ ကျန်းမာခြင်း ။   

                                                                ဗာဂို