20-Second Timer
Time remaining: 20

 


သင်ယူရမယ့်လမ်း

=============

မင်း မျက်နှာကို မတွေ့ရတဲ့နေ့ဟာ

လမ်းမှားတော့တာပဲ

မင်းက နေနိုင်တယ်

ချစ်တာကို ချစ်တယ်လို ဖွင့်မပြောဘူး

အသေခံတယ်....


မင်းဆီက ပျော်ရွှင်မှုကို မရတဲ့နေ့ဟာ

တစ်နေရာရာမှာ ပျက်ကျတော့တာပဲ....


မင်းက

ဆယ့်ငါးမိနစ် တစ်ခါ

တကယ်ချစ်ရဲ့လား မေးပြီး

ငါးမိနစ် တစ်ခါ

‘ ပြန်မယ် ၊ ပြန်မယ် ’ ပြောလို

ပျံသန်းခြင်း အတတ်ပညာကို

မင်းဆီက သင်ယူနေရတာ

ငါက မစဉ်းစားဘဲ အော်ဟစ်နေသူလား

မင်း ဘယ်တော့မှ မမှားဘူး....


ငါ့ရဲ့ အမှားက တအားထက်လို

ဘာမဆို ငါ့ကိုထိရင် ပြတ်လို

စိတ်ရူးပေါက်ခဲ့စဉ် အခါက

ငါ့ဘက်က ဖြတ်စာလည်း ပေးခဲ့ဖူးတယ်....


ငါ့အနားမှာ မင်း ရှိရုံနဲ့

မလုံလောက်သေးဘူး

ငါက လောဘအရမ်းကြီးတာပဲ

မင်းကို မရရင် ဘာမှမယူဘူး

ငါ တစ်ယောက်တည်းရှိတဲ့ အခန်းတွေမှာ

မီးရှိဖို

ငရဲဆီသွားတဲ့ လမ်းဆိုလည်း

မင်း နှုတ်ခမ်းတွေကို နမ်းချင်တယ်

ရေဝင်ပေါက်လေး တစ်ပေါက်နဲ့

သင်္ဘောကို မနစ်မြုပ်စေနဲ့

ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေ ရှုပ်ထွေးနေပေမဲ့

သူ့သွေးနဲ့ သူ စီးဆင်းတယ်

မင်း သူငယ်ချင်းတွေကို

မင်း ပြောခဲ့တယ်ဆို

‘ ကျွန်မတို ပြတ်သွားတာ မဟုတ်ဘူ

ကျွန်မတို ဝေးသွားတာ ’

‘ ကျွန်မတို ပြတ်သွားတာ မဟုတ်ဘူး

ကျွန်မတို ဝေးသွားတာ ’

ကျွန်မတို ....

ကျွန်မတို ....

ဇန်နဝါရီ ကုန်သွားတယ်

ဖေဖော်ဝါရီ ကုန်သွားတယ်

ဒီဇင်ဘာ ရောက်လာတယ်

ပြတင်းပေါက်တွေ ဖွင့်တယ်

တစ်နေ့တည်း

ရွက်ဆုတ်ပြက္ခဒိန်ကို လေးငါးရွက် ဖြဲပစ်တယ်

၂၀၀၁ ရောက်လာတယ်

၂၀၀၂ ရောက်လာတယ်

ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ

ရောက်ရှိလာတော့လည်း အမှောင်

အသက်ရှိသူအဖြစ် ဟန်ဆောင်တွေ့ဆုံလို

‘ ဒီမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရတာ ’

‘ ဟိုမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရမှာ ’

‘ ကျွန်မ ရန်ကုန် သွားမယ် ’

နင့်အဖေ မျက်နှာကို မြင်ချင်ရင်

နင့်မျက်နှာကို နင် မှန်ထဲပြန်ကြည့်

ရန်ကုန်ကို ဘာထင်နေသလဲ

လွယ်လွယ်နဲ့ အသက်ရှင်လို မရဘူး

ရန်ကုန်ဟာ စစ်မြေပြင်....

ငါတိုက ဘဝနဲ့သာ တွေ့ခဲ့ရတာ ဆိုတော့

အရူးရူးသက်သက်နဲ့ စလိုမရဘူး

မင်းက ဝေးကွာခြင်းကို စတင်မယ် ဆိုရင်

ငါက ဝေးကွာခြင်းကို ချဲ့ထွင်မယ်

ပခုံးပေါ်က လက်ကို ဆွဲဖြုတ်ဖို စိတ်မကူးနဲ့

အဲဒီ ချောက်ကမ်းပါးက ကျရင် မပေါ်တော့ဘူး

မင်း ရှေ့မှာ ငါ ရပ်နေရင်း

မင်း အနောက်ကို ငါ ရောက်ရောက်သွားတာ မြင်ရ

မင်း လက်ကို ဆုပ်ကိုင်ထားရင်း

ဆုပ်ကိုင်ထားတဲ့လက် သွေးဆုတ်သွားတာ မြင်ရ

နှစ်ယောက်တည်းပဲ ရှိနေတာ

ပြောလက်စ စကားကို ဖြတ်ချလို

မင်းက အမြဲတမ်း နောက်လှည့်လှည့် ကြည့်နေတော့တာပဲ....

အခုတော့ လိုနေတဲ့ အရောင်တစ်ရောင်နဲ့

အချစ်က ဘယ်တော့မှ မပြီးတဲ့ ပန်းချီကား

စုတ်ချက်ဟာ ဘယ်နေရာမှာ အဆုံးသတ်မလဲ

ငါဟာ လမ်းများသူပါကွာ

ပြန်လည်တွေ့ဆုံမှုဟာ

တကယ် ချစ်ခဲ့တာ မဟုတ်ဘူး ငြင်းမလိုလား

ဘဝကို လောင်နေတဲ့မီးမှာ

မင်းက ဘယ်တော့မှ မစွဲလောင်ဘူး

အလင်းရောင်ကိုပဲ ယူတယ်

ငါ့အချစ်ကလည်း အသက်မစွန့်ရရင် မပျော်ရွှင်ဘူး

သေနေတဲ့ အပင်ကို ရှင်အောင်စိုက်တယ် ။ ။

-စိုင်း၀င်းမြင့်