ဖြောင့်ချက်
--------------------
ခုချိန်ထိ
အဆင်ပြေတာဆိုလို ဘာတစ်ခုမှ မရှိ
မရေရာတဲ့ နေ့တွေမှာ နေထိုင်
မသေချာတဲ့ နေ့တွေကို မျှော်လင့်
တစ်နေ့တခြား
ကမ္ဘာကြီးနဲ့ ပိုနီးလာမလားလို
စွန့်စားခဲ့
အားစိုက်ခဲ့
မိုက်မဲခဲ့
သီကုံးမိတဲ့ သက္ကရာဇ်တွေကိုလည်း
ဘယ်လိုမှ အပြစ်မတင်ရက်
အသက်ကလည်း မငယ်တော့
အရွယ်ကလည်း ရင့်ပြီ
ကိုယ့်ရင် ကိုယ်ဖွင့်ကြည့်မိတော့
အံ့အားသင့်စရာ
ပန်းခြောက်လေး တစ်ပွင့်တောင်မှ မရှိ
နေ့ခင်းကြောင်တောင်
ချောင်ကျကျ ရပ်ကွက်တစ်ခုထဲမှာ
မှောင်ကျနေခဲ့တာ ဘယ်သူ သိနိုင်မလဲ
အစွဲအလမ်းတွေကြောင့်
အလွမ်းထဲ အပိတ်လှောင်ခံ ဘဝ
အန္တရာယ်ကြီးတဲ့ အထီးကျန်မှုမှာ
ကိုယ်ပိုင်နိုင်ငံလှလှတစ်ခု တည်ထောင်ချင်ပါတယ်
ဒါပေမဲ့
မြေတစ်ကွက် ဝေးလို
ဖျာတစ်ချပ်တောင် ဘယ်နေမှန်းမသိ
ကားတစ်စီး ဝေးလို
ဖိနပ်တစ်ရန်တောင် ဘယ်နေမှန်းမသိ
နောက်ဆုံး ၊ ကိုယ့်နာမည်ကိုတောင်မှ မိမိရရ မပိုင်သေး
အရာရာဟာ ကိုယ်နဲ့ ဝေးကွာလွန်းလှ
ဒါနဲ့များတောင်
စာအုပ်တစ်အုပ် သေနတ်တစ်လက်နဲ့
တောင်အမေရိကတိုက်က လူငယ်တစ်ယောက်ရဲ့ အိပ်မက်
အရူးအမူး တပ်မက်ခဲ့ဖူးရဲ့
တစ်စုံတစ်ရာ အဆင်သင့်မဖြစ်သေးခင်
အတ္တထောင့်ကျဥ်းလေးထဲမှာ
မကြာခဏ ရဲဆေးတင်ရင်း
အသိဉာဏ် နည်းနည်းပါးပါး
အနုပညာ နည်းနည်းပါးပါးနဲ့
လောကကြီးကို ဖြားယောင်းမိတာပါ ။ ။
#လှသန်း
ဟန်သစ် ၊ နိုဝင်ဘာ၊ ၁၉၉၄။
.jpg)
9 Comments
အရာရာဟာ ကိုယ်နဲ့ ဝေးကွာလွန်းလှ
ReplyDelete😇😇😇😇😇😇
ReplyDeleteကိုယ့်ရင်ကိုဖွင့်ကြည့်တော့😳
ReplyDeleteကိုယ်ပိုင်နိုင်ငံလှလှတစ်ခု တည်ထောင်ချင်ပါတယ်❤
ReplyDeleteFighting
ReplyDeleteချောင်ကျကျ ရပ်ကွက်တစ်ခုထဲမှာ
ReplyDeleteမှောင်ကျနေခဲ့တာ ဘယ်သူ သိနိုင်မလဲ
(ချောင်မကျလည်းမှောင်ပါတယ် မီးပျက်နေလို့)
❤
ReplyDelete💛
Deleteအတူတူ
ReplyDelete