ရှင် လျစ်လျူ ရှုပစ်ထားတဲ့နောက်
ကျွန်မ ငိုခဲ့တယ်
အခန်းထောင့်မှာကပ်ပြီး
ရှိုက်ကြီးတငင်ငင်ငိုခဲ့တယ်
ကျွန်မ ရှင့်ကို သေကောင်ပေါင်းလဲ ချစ်နေလျက်နဲ့
ဘာကြောင့်များလဲဆိုပြီး ငိုခဲ့တယ်
ကျွန်မဟာ အခြားမိန်းမတွေလောက်တောင်
ဆွဲဆောင်မှုမရှိတဲ့မိန်းမလားဆိုပြီး ငိုခဲ့တယ်
ကျွန်မက သုံးစားမရတဲ့ မိန်းမပဲဆိုပြီး
သိမ်ငယ်စိတ်နဲ့ငိုခဲ့တယ်
ကျွန်မ ငိုခဲ့တယ်
ငိုရလွန်းလို့ ရင်ဘတ်တစ်ခုလုံးဆို့ကြပ်နေခဲ့ဖူး
မျက်လုံးတွေ အစ်ဖောင်းနေခဲ့ဖူး
အရူးမတစ်ယောက်လို ဆံပင်တွေ ရှုပ်ပွနေခဲ့ဖူး
ရှင် လျစ်လျူ ရှုပစ်ထားတဲ့နောက်
ကြာလာတော့
မျက်ရည်မထွက်ပဲ ငိုတတ်လာ
အရမ်းဝမ်းနည်းတဲ့အခါ ရယ်တတ်လာ
စီးကရက်သောက်ရင်း ငြိမ်နေတတ်လာ
အခြားယောက်ျားတွေကို
ရေလာမြောင်းပေးလုပ်ပြီး
ကျွံလာတဲ့အခါ ငြင်းဆန်ခြင်းမှာ ပျော်မွေ့လာ
မင်းက သိပ်လှတဲ့မိန်းမပဲ ဆိုတဲ့
သူတို့ စကားတွေကြောင့်
ရှင်သာ စောက်သုံးမကျတဲ့လူဆိုတာ သိလာ
ရှင် လျစ်လျူ ရှုပစ်ထားတဲ့နောက်
ခုဆို
စာအုပ်နဲ့စီးကရက်တွေဟာ
ကျွန်မဘက် အမြဲရှိတဲ့ အဖော်တွေပဲ
ခရီးတွေထွက်နေရတာ အကြိုက်ဆုံးပဲ
ကော်ဖီတွေဟာ အချစ်ဆုံးတွေပဲ
ကင်မရာကောင်းကောင်း တစ်လုံးလိုချင်နေတယ်
အင်း အက်ဆေးစာအုပ်တစ်အုပ် ရေးနေတယ်
ကာတွန်းကားအသစ်တွေ ဝယ်ရအုံးမယ်
ဆံပင်လည်း အရောင်သွားဆိုးရအုံးမယ်
ဒီမနက် မုန့်ဟင်းခါးချက်စားမယ်
ညနေ ဟိုကောင်မတွေနဲ့ ရုပ်ရှင်ကြည့်ဖို့
ချိန်းထားသေးတယ်
ရှင့်ကို လွမ်းဖို့တောင် မအား။
-လင်းမာအို-
.jpg)
5 Comments
😟
ReplyDelete🤗
ReplyDeleteဟာ
ReplyDeleteDONE
ReplyDelete💛
ReplyDelete