မင်းပုခုံးသားတွေပေါ် ရှိုက်ကြီးတငင် ငိုကြွေးမိတဲ့
အခိုက်အတန့်တိုင်းမှာ
_________________________________________
ငါဟာ ငါ မဟုတ်တော့ဘူး
မင်းမသိတဲ့ အရပ်ဒေသတစ်ခုခုကနေ
မင်းဆီကို အမြဲလိုလို လှည့်ပြန်လာနေပြီး
ဘယ်သောအခါမှ မရောက်ရှိနိုင်တဲ့ တစ္ဆေတစ်ကောင်ပဲ ဖြစ်တယ်
ငါ့ ဦးခေါင်းခွံကို ဖွင့်ရင်
သတိရခြင်းရဲ့ အူသိမ်အူမွှားတွေကို တွေ့ရမယ်
လက်သည်းညှပ်ခံထားရတဲ့ ကြောင်တစ်ကောင်ကို တွေ့ရမယ်
အေးစက်တုန်ခါနေတဲ့ နားရွက်သား အဖျားအနားလေးကို တွေ့ရမယ်...
ငါ့နှလုံးသားအခန်းတွေကိုတော့ ဖွင့်ကြည့်လို့ရမှာ မဟုတ်
သူတို့ဟာ မင်းရဲ့လက်နဲ့ အထူးပြုလုပ်ထားတာတွေ
ဖြစ်ကြတယ်
နှစ်ပေါင်းများစွာ ကြာရှည်ခံမယ်
အံ့အားသင့်စရာ ကောင်းလောက်အောင် နူးညံ့မယ်
နေ့စဉ်နဲ့အမျှသွေးဆိုးသွေးညစ်တွေ လှည့်ပတ်စီးဆင်းနေကြလိမ့်မယ်..
မကြောက်ပါနဲ့၊
မင်းအနေနဲ့ ညဘက်တွေမှာ အိပ်မရဖြစ်တဲ့အခါ
ငါ့ကို တိုးတိုးလေးဖွင့်ပြီး နားထောင်စေချင်တယ်
အဲဒီအခါကျရင် ငါဟာ ကျည်တစ်ချက်မှ မဖောက်လိုက်ရဘဲ စစ်ပွဲမျက်နှာပြင်မှာ သောင်တင်ကျန်ရစ်ခဲ့ရတဲ့
အမြောက်တစ်လက်ရဲ့ အသံအဖြစ်နဲ့
မင်းဆီကို ပြန်လာဦးမှာ ဖြစ်တယ်
ကျဆုံးသူတွေ အတုံးအရုံးကြားထဲ
ငါ့မာကျောမှုဟာ မားမားမတ်မတ် ရပ်လို့
သို့သော် အသက်မဲ့စွာ
သို့သော် တသိမ့်သိမ့် တုန်ခါစွာ
သံတွေ သစ်သားတွေ ငိုကြွေးကြတဲ့အခါတိုင်းမှာ
ရာသီဥတုဟာ မိုးဖွဲဖွဲလေးတွေ ရွာပြီးခါစ ညနေခင်းတစ်ခုပဲ အမြဲ ဖြစ်နေပါလိမ့်မယ်
ငါ့ခေါင်းပေါ် ဖြတ်ပျံသွားတဲ့ ငှက်တွေကို လိုက်ငေးရင်း
နက်မှောင်ပျော့ဖတ်နေတဲ့ ဆံသားတွေရဲ့ အပွေ့အဖက်ကို
ပြန်တွေးရင်း
မင်း ဘယ်တုန်းကမှ မမေးခဲ့တဲ့ မေးခွန်းတချို့ရဲ့ အဖြေကို ငါ ထည့်ပေးလိုက်တယ်
ငါဟာ ငါမဖြစ်နိုင်တော့ဘူးဆိုရင်
မင်း ဖြစ်သွားချင်ပါတယ်
ပြီးမှ ငါ့ကိုယ်ငါ ချစ်မယ်............။
#ဆစ်ခ်
သြဂုတ် ၊ ၂ဝ၁၈
.jpg)
2 Comments
☘️
ReplyDeleteငါဟာ ငါမဖြစ်နိုင်တော့ဘူးဆိုရင်
ReplyDeleteမင်း ဖြစ်သွားချင်ပါတယ်
ပြီးမှ ငါ့ကိုယ်ငါ ချစ်မယ်............။
#ဆစ်ခ်