ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်က

မေ့လျော့သွားခဲ့ကြရင် ဘယ်လိုလုပ်မလဲ။

အထူးသဖြင့် အစ်မက ကျနော့်ကို။

ဒါမှမဟုတ် ကျနော်က အစ်မကို။ 

မေ့လျော့သွားကြတဲ့အခါ ဘယ်လိုလုပ်ကြမလဲ။ အက်စစ်မိုးတွေ ရွာသွားမှာလား။

စကားလုံးတွေတိုင်းဟာလည်း 

တစ်ယောက်ဆီကနေ ကျန်တစ်ယောက်ဆီကို 

မရောက်ရှိသေးခင်မှာပဲ အငွေ့ပျံ 

ပျက်သုဉ်းသွားကြမှာလား။ 

အတိတ်ကာလတုန်းက ကျနော်တို့ 

ဖွင့်ကြည့်ဝင်ရောက်လို့မရခဲ့တဲ့ ဦးနှောက်ရဲ့ 

အခန်းတစ်ခန်းထဲ လွင့်ပျံ့နေမယ့် ခန္ဓာကိုယ်နှစ်ခုရဲ့ ပူနွေးတဲ့ အငွေ့အသက်နဲ့ တိုးတိတ်ညင်သာစွာ 

ကြားနေရမယ့် John Lennon ရဲ့ Oh My Love ဆိုတဲ့ သီချင်းသံ။ 

Oh my lover, for the first time in my life ပါပဲ အစ်မ။ 

ဒီသတ္တလောကကြီးထဲက ရှိရှိသမျှ 

ရန်သူတွေ အကုန်လုံးကို မေ့ထားနိုင်ခဲ့ကြပြီးမှ 

တစ်ယောက်နဲ့တစ်ယောက် ကုတ်ခြစ်တွန်းထိုးမိသွားကြတဲ့ အချစ်ရဲ့ အံ့ဩဆန်းကြယ်တဲ့ ကျိန်စာကို 

ကျနော်တို့ ရရှိခဲ့ကြတယ်။ 

စိတ်တွေဟာ သိပ်တုန်ရီလွယ်ကြတာပဲ။ 

'ကျေးဇူးပြုပြီး ကားတံခါးကို အကျယ်ကြီးမြည်အောင် မပိတ်ပစ်ပါနဲ့ အစ်မရယ်'လို့ ဒက်ရ်ှဘုတ်ပေါ်က 

ပြုံးတော်မူနေတဲ့ ဘုရားရုပ်တုလေးကို 

ကျနော် ငိုရှိုက်ရင်း တဖွဖွပြောခဲ့။ 

ပြီး၊ ငရဲကို တစ်ယောက်တည်း မောင်းထွက်ခဲ့မိတယ်။ ကျနော့်ရဲ့ စိတ္တဇကို တားဆီးနိုင်တဲ့ ယာဉ်ထိန်းရဲ မရှိဘူး။ ကျနော့်ရဲ့ ဒဏ်ရာထက် ပိုနက်ရှိုင်းတဲ့ 

ချောက်ကမ်းပါး မရှိဘူး။ 

ကျနော့်ရဲ့ နှလုံးသားထက် ပိုမာကျောတဲ့ 

လမ်းမီးတိုင် မရှိဘူး။ 

နောက်ပြီး ကျနော့်ရဲ့ အလွမ်းထက် ပိုကျယ်ပြန့်တဲ့ လမ်းမတွေလည်း မရှိခဲ့ဘူး။ 

ဝန်ခံပါတယ် အစ်မ။ 

ဒီထက်ပိုပြီး မူးယစ်ဆေးဝါးဒဏ်တွေ 

ကျနော် မခံနိုင်တော့ပါဘူး။ 

အစ်မကို မေ့ရတာဟာ ကိုယ့်နာမည်ကိုယ် 

မေ့ရတာထက် နာကျင်ခံခက်ခဲ့တယ်။ 

ကောင်းကင်၊ ပင်လယ်၊ အသက်ခပ်လတ်လတ်အရွယ် မိန်းမတစ်ယောက်ရဲ့ ဂျင်းပင်န်၊ မီးခြစ်၊ မိုးပျံပူဖောင်း။ ကျနော် ပြောပြမယ်။ 

မှတ်ဉာဏ်ကလွဲရင် ကျန်တဲ့အရာအားလုံး 

အရောင်ပြောင်းလွယ်ကြတာချည်းပါပဲ။ 

ကျနော် ရိုးရိုးသားသားပဲ သိချင်မိတယ်။ 

လူဦးရေမွေးဖွားနှုန်း ပေါက်ကွဲထွက်နေတဲ့ 

ဒီကမ္ဘာကြီးထဲမှာတောင်မှ ကျနော်တို့ တစ်ယောက်ကိုတစ်ယောက်က ဘာကြောင့် ရှောင်လွှဲလို့ မရခဲ့ကြတာလဲ။ ဆူးလေမှာ၊ လှည်းတန်းမှာ၊ မြေနီကုန်းမှာ၊ 

ဆင်ရေတွင်းမှာ၊ စံရိပ်ငြိမ်မှာ။ 

ကျနော့်အတွက်တော့ အရာရာဟာ 

အရင်အတိုင်းရန်ကုန်ပါပဲ အစ်မ။ 

ပြည်လမ်းမကြီးဘေးက ပလက်ဖောင်းလေးတွေအကုန်လုံးကို ထွန်ယက်ခြစ်ခြပစ်လိုက်တဲ့အခါ 

တွေ့ရမှာဖြစ်တဲ့ (ဝါ) မြေအောက်ကမ္ဘာထဲက လောင်ကျွမ်းတောက်ပနေတဲ့ အလွှာတွေ၊ 

ထုံကျင်အေးစက်နေတဲ့ အလွှာတွေကို ဖြတ်ပြီး 

မြေသားထုအပေါ်ထိ ထိုးခွဲစီးဆင်းနေတဲ့ ကျနော့်ရဲ့ မှတ်ဉာဏ်အပိုင်းအစတိုင်းဟာ

 တသမတ်တည်းသောအရောင် ရှိကြပါတယ်။ 

ပြီးတော့ အဲဒီအရောင်ဟာလည်း ပြာလွင်ပြီး 

တဆစ်ဆစ် နာကျင်ကိုက်ခဲနေပါသေးတယ်။ 


#ဆစ်ခ်