ရှင်သန်ခြင်းရှင်းတမ်း


သူရဲကောင်းလည်း မဖြစ်ချင်ဘူး

အာဇာနည်လည်းမဖြစ်ချင်ဘူး

ပျော့ညံ့သွေးကြောင်သူလည်း မဖြစ်ချင်ဘူး။


မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး

တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး

ကိုယ့်ကိုယ်ကို ပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး။ 


လျာဖြတ်ခံရတဲ့ပြောရေးဆိုခွင့်ကို ကြုံဖူးတယ်

အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေ နေဖူးတယ်

သားကြောဖြတ်ခံရတဲ့ နေ့ရက်တွေနဲ့ ရှင်သန်ဖူးတယ်။ ငါတို ငရဲကို ငါတိုနဲ့ပဲ အဆုံးသတ်ချင်တယ်။


ရေပေါ်ဆီ နိုင်ငံရေးသမားမဖြစ်ချင်ဘူး

စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး

အဓမ္မဝါဒကို ထောက်ခံတဲ့လူတယောက်မဖြစ်ချင်ဘူး ။


ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင်

အဲ့ဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ် ။     ။


#ခက်သီ

14.2.2021