အသည်းကွဲခြင်း


မင်း မရှိတော့

ငါဟာ လူမိုက်

မင်း ရှိတော့

ငါဟာ လူညံ့


မင်းဟာ ငါ့ဘေးနား ရှိတုန်းက

ငါ ကြည့်မရဆုံး မိန်းမ

အခု ငါ့ဘေးနား မင်း မရှိတော့

ငါအချစ်ဆုံး မိန်းမတစ်ယောက်

ဒီလို ကြောက်မက်ဖွယ်အာရုံနဲ့

ငါ ကြေကွဲလို့


မင်းမရှိတော့ တံတားပျက်တယ်

လမ်းပိတ်တယ်

မကောင်းတဲ့ အိပ်မက်တွေလည်း မက်တယ်။


ငါ့အိပ်ရာပေါ်က

မင်းထားခဲ့တဲ့ စောင်

မင်းဝတ်ခဲ့တဲ့ အဝတ်အစား

ငါ့မှာ ပြာကျစိတ်နဲ့ မီးလောင်လို့

မကောင်းဘူး။


မင်းတို့နှစ်ယောက်

သဘောတူပါတယ် ပြောလိုက်ရပေမယ့်

ငါ သဘောမတူဘူး

အချစ်မှာ ငါက

တိုက်ပွဲ ခဏခဏ ကျတဲ့ရန်သူ

အချစ်မှာ ငါက

ခွင့်ပြုချက်မရသေးပဲ

ဆေးရုံက ဆင်းပြေးတဲ့ လူနာ။

ရန်ကုန်ဟာ ကျဉ်းပါတယ်၊

ဒါပေမယ့် မဆုံနိုင်တော့ဘူး။


ဘဝဟာ

`ကျွန်မ မရှိမှ သိမယ်´

ဒီစကားဟာ မှန်ပါတယ်။

သံပန်းတွေဟာ

လှပေမယ့် မာကျောမှန်း ငါသိပါတယ်။


မင်းနှုတ်ခမ်းတွေဟာ

ခုနှစ်ရက်အတွင်း အရည်ပျော်လို့

ငါ့အော်သံဟာ

လုံခြုံရေးမရှိ ပွင့်ထွက်လို့

ပိန်သွားတယ်။


ငါဟာ ရူးသွပ်နေတဲ့ မျက်နှာကျက်

ငါဟာ ကပ်စေးနှဲတဲ့ ယောင်္ကျား။

ငါဟာ မင်းရှိတော့လည်း

တစ်ယောက်တည်း

မင်း မရှိတော့လည်း

တစ်ယောက်တည်းသမား။


နောက်ဆုံးနေ့

တို့ တွေ့မယ်

`၁ဝနာရီခွဲ´ တဲ့။

မိန်းမတစ်ယောက်ရဲ့ အလိုဆန္ဒ

အဲဒီအထိ ငါ့အလုပ်က လွဲပြီး

ကျန်တာ ငါဘာမှ မငဲ့သူ

ညနေ ၆ နာရီ

မင်းမရှိတော့ဘူး။

မင်းမရှိတော့ဘူး။

မင်းအဒေါ်တွေက မဲ့လို့

မင်းအခန်းလွတ်က ထစ်ချုန်းလို့။ ။


-ဝင်းမြင့်